မက္ကဆီကို နိုင်ငံမှာ ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေရင်း သိုလှောင်ထားတဲ့ မီးရှူးမီးပန်းတွေ ပေါက်ကွဲတာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက် ညပိုင်းတုန်းက မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း၊ တီမက်စ်ကယ်လ်ဆင်ဂိုမှာ ရှိနေတဲ့ နျူစထရာ ဆီညော်ရာ ဒီလာလုဇ် ဘုရားကျောင်းနဲ့ကပ်လျက် အဆောက်အအုံမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး နံရံကြီး ပြိုကျသွားခဲ့ပါတယ်။ အဲဒီနေရာမှာ ဘာသာရေး ပွဲတော်အတွက် အသုံးပြုမယ့် မီးရှူးမီးပန်းနဲ့ တခြားမီးလောင်လွယ်တဲ့ ပစ္စည်းတွေ သိုလှောင်ထားခဲ့တာပါ။
လူဦးရေ ၆၆၀၀၀ လောက် နေထိုင်တဲ့ မြို့ထဲမှာတော့ ရာပေါင်းများစွာသော ဒေသခံတွေဟာ ဘာသာရေးပွဲတော်ရဲ့ အစိတ်အပိုင်းအဖြစ် မီးရှူးမီးပန်းတွေ ပစ်ဖောက်မယ့် အချိန်ကို စုဝေးပြီး စောင့်နေတုန်း ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးနဲ့ ကြုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
မီးရှူးမီးပန်း သိုလှောင်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ ပြည်နယ် အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ပြောပါတယ်။

Public Service Announcement
ပေါက်ကွဲမှုမှာ ၁၁ ဦးသေပြီး ၆၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရသူတွေထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီး နှစ်ပါးလည်း ပါဝင်တယ်လို့ သိရပါတယ်။
လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာတဲ့ ပေါက်ကွဲမှုအပြီး မှတ်တမ်းဗီဒီယိုထဲမှာတော့ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို လူတွေက လိုက်ရှာနေတာ တွေ့ရပါတယ်။
မက္ကဆီကိုမှာတော့ ပွဲတော် အခမ်းအနားတွေမှာ အသုံးပြုမယ့် မီးရှူးမီးပန်းတွေ မတော်တဆမှု ဖြစ်ရာက လူအထိအခိုက်ဖြစ်တဲ့ ပေါက်ကွဲမှုတွေ အရင်ကလည်း ကြုံဖူးပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းကလည်း ဟူဂျတ်လာ ဒေသမှာရှိတဲ့ ကျေးရွာတစ်ခုမှာ မီးရှူးမီးပန်းတွေကနေ အပြင်းအထန် ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး လူ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
ကိုးကား: NBC

















































