Connect with us

Hi, what are you looking for?

ဆောင်းပါး

ရဲမှူးအိမ်တံခါးဝ ရောက်လာတဲ့ မတရားမှု

“အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ”

(အသတ်ခံရသူ ၊ကျူးလွန်သူ (မျက်လုံးအုပ်ထားသူ) နဲ့ နာ​ရေးဖိတ်စာ)

ထွန်းညိုဦး/People’s Spring

“အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ”

အဖြူရောင် Hyundai Accent အမျိုးအစား ယာဥ်တစ်စီးရဲ့ရှေ့မှာ အဖြူရောင် စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးကို သေသေသပ်သပ်ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က သူ့ကိုယ်သူ အထက်ပါအတိုင်း မိတ်ဆက်ပါတယ်။ သူ့နာမည် ကိုဝင်းပါတဲ့။ အငှားယာဥ်မောင်း ကိုဝင်းဟာ ဆံပင်ကို ခေါင်းလိမ်းဆီလိမ်းကာ သပ်သပ်ရပ်ရပ် ဘေးခွဲထားတယ်။ အဖြူရောင် စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးက သူ့ကို ယုံကြည်စိတ်ချရစေတယ်။

အာဏာသိမ်းကာလအတွင်း လုယက်မှုတွေ၊ လူဖမ်းရောင်းစားတာတွေ မကြာခဏ ဖြစ်ပွားနေချိန် ခရီးသည်တွေဟာလည်း ကားသမားကို သတိထားရွေးလာကြတယ်။ ရန်ကုန်မှာဆိုရင် ယာဉ်မောင်းရဲ့ အချက်အလက်တွေ၊ ယာဉ်အမှတ်နဲ့ ဓာတ်ပုံတွေကို ကြိုကြည့်လို့ရတဲ့ GPS စနစ်နဲ့ ခရီးစဉ်ကို ခြေရာခံလို့ရတဲ့ Grab လို အငှားယာဥ်စနစ်ကို ပိုသုံးလာကြတယ်။ ဒါကြောင့် ကိုဝင်းဟာ ခရီးသည် သူ့အပေါ် ယုံကြည်စိတ်ချရအောင် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားပုံရတယ်။

Public Service Announcement

Public Service Announcement

ကိုဝင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာနေပြီး ကားအငှားလိုက်ပါတယ်။ ကိုဝင်းဟာ အပြောအဆိုမွန်ရည်တာ၊ လူမှုဆက်ဆံရေးကောင်းတာကြောင့် ရပ်ဝေးရပ်နီး ကားငှားကြသူ များပါတယ်။စက်တင်ဘာလဆန်းကဆိုရင် နေပြည်တော်ကနေ မန္တလေးမြို့အထိ စင်းလုံးငှားလို့ လိုက်ပို့ပေးခဲ့ရတယ်။ သူ့ဝန်ဆောင်မှုသဘောကျပြီး မန္တလေးလက်ဆောင် လက်ဖက်တွေရော၊ ထိုးမုန့်တွေရော ဝယ်ထည့်ပေးလိုက်သေးတယ်လို့ သူက Tiktok ကနေ ဂုဏ်ယူစွာ ပြောပြခဲ့တယ်။ “ကျေးဇူးအများကြီးတင်ပါတယ်အမရေ။ ခုလို ကျွန်တော့်ကားလေးကို ယုံယုံကြည်ကြည်နဲ့ ငှားစီးပြီး လက်ဆောင်တွေပေးတဲ့အတွက်”လို့ ပြောဆိုခဲ့တယ်။

စက်တင်ဘာလ ၆ ရက်နေ့က ကိုဝင်း ကားအငှားလိုက်ဖို့ ဖြစ်လာပါတယ်။ ကားငှားသူက နေပြည်တော်ကပါပဲ။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်သား ရဲရင့်အောင်တဲ့။ သွားမှာက မိတ္ထီလာမြို့ကိုပါ။ ကောင်မ​​​လေး သွားတွေ့မှာတဲ့။ ကားခ လေးသိန်းနဲ့ စျေးတည့်ပြီး နှစ်ယောက်သား မိတ္ထီလာ ထွက်လာခဲ့ကြတယ်။

ညနေ ၄ နာရီခွဲလောက်မှာ အငှားယာဥ်မောင်း ကိုဝင်းရဲ့ မိသားစုက ကိုဝင်းဆီ ဖုန်းဆက်တယ်။ ဖုန်းက ကိုင်တယ်။ ဒါပေမယ့် ဖုန်းဖြေတဲ့သူက ကိုဝင်းမဟုတ်ဘူး။ တခြားယောကျာ်းတစ်ယောက်။ ခုမိတ္ထီလာမှာ။ ကားဆရာ အပြင်ခဏသွားနေတယ်လို့ ပြောတယ်။ မိသားစုက စိုးရိမ်ပြီးနောက်ထပ် ထပ်ဆက်တော့ ဖုန်းက စက်ပိတ်သွားပြီ။

အဲဒီနေ့ညနေပိုင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၉/၁) အနီး၊ အမြန်လမ်းနဲ့ ပေ ၃၀၀ ခန့်အကွာ၊ မန္တလေးဘက်သွားတဲ့ လမ်း အရှေ့ဘက်ခြမ်းမှာ နွားကျောင်းပြန်လာတဲ့ ​ကလေးတစ်ယောက်က လူသေအလောင်းတစ်လောင်း တွေ့လိုက်ရတယ်။ အဲဒီရုပ်အလောင်းဟ အငှားယာဥ်မောင်း ကိုဝင်းအလောင်း ဖြစ်နေခဲ့တာပါ။ သူ့အနီးမှာ ကားကို မတွေ့ရပါဘူး။

နောက်ဆုံးတော့ ကိုဝင်းကို မိတ္ထီလာမှာ ကောင်မလေးသွားတွေ့ဖို့ ကားငှားခဲ့တဲ့ လူကုန်တား ရဲတပ်ဖွဲ့က ရဲကိုယ်တိုင် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ပေါ်ပေါက်တယ်။ သူဟာ ကားလုယူဖို့ ကိုဝင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သိရတယ်။ ရဲဟာ ကျွဲဂိမ်း အရမ်းဆော့တယ်လို့ သိရတယ်။စက်တင်ဘာ ၇ရက်မှာတော့ လုယက်သွားတဲ့ ကားနဲ့အတူ ဒုရဲအုပ်ရဲရင့်အောင်ကို ဖမ်းမိခဲ့ပါတယ်။

ရာဇဝတ်မှုတွေကို တားဆီးကာကွယ်ရမယ့်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစိတ်ချရအောင် စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင်က ရာဇဝတ်မှုကို ကျုးလွန်လိုက်တာပါ။ ဇာတ်လမ်းဟာ ဒီမှာတင်မပြီးသေးပါဘူး။ အသတ်ခံလိုက်ရတဲ့ အငှားယာဥ်မောင်း ကိုဝင်းဟာ နေပြည်တော်က ရဲမှူးအောင်မျိုးလတ်ရဲ့ တူသားတစ်ယောက် ဖြစ်နေခြင်းပါ။ သတ်တဲ့သူကလည်း ရဲဖြစ်သလို အသတ်ခံရသူကလည်း ရဲမှူးရဲ့ သား ဖြစ်နေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်ပြားလာပြီး လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေဟာလည်း စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်ကနေ ဘီလူးဆိုင်းတီးခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ပြည်သူတွေကို ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့လို့ ကလေးသူငယ်တွေ၊ ကျောင်းသားပြည်သူတွေ အပြစ်မဲ့ပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေသတင်းသမားတွေ၊ အနုပညာရှင်တွေအပါအဝင် ပြည်သူထောင်ပေါင်းများစွာကို ဝရမ်းမပါဘဲ ဖမ်းဆီးတာ၊ နေအိမ်တွေကို ညအချိန်မတော် ဝင်ရောက်စီးနင်းတာ၊အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်တာတွေကို ကျူးလွန်ခဲ့တယ်။ မတရားတဲ့ ဥပဒေတွေနဲ့ တရားစွဲဆိုတယ်။

နေအိမ်တွေနဲ့ ဆိုင်တွေကို ဝင်ရောက်စစ်ဆေးချိန်ငွေကြေး၊ လက်ဝတ်ရတနာတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို အဓမ္မသိမ်းဆည်းယူဆောင်တာ၊ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်။ အပူစာတွေလည်း စားလို့ မြိန်ခဲ့တယ်။

ရဲစခန်းတွေမှာ၊ စစ်ကြောရေးစခန်းတွေမှာ၊ အကျဉ်းထောင်တွေအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်။ ထိန်းသိမ်းခံထားရစဉ်အတွင်း သေဆုံးမှုတွေပါ ရှိခဲ့တယ်။

ပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေအပြင် ဒုစရိုက်သမားတွေရဲ့ ရန်ကိုပါ ရင်ဆိုင်နေရပါတယ်။ ယခုအခါမှာတော့ မတရားမှုတွေဟာ ရဲတပ်ဖွဲ့ဝင်​တွေရဲ့ အိမ်တံခါးဝကိုပါ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ နေပြည်တော်က ရဲမှူးရဲ့တူသား အငှားယာဥ်မောင်းတဲ့ ကိုဝင်းရဲ့ Tiktok မှာ သူ ခရီးသည်ကို ကျေးဇူးတင်စကားဆိုတဲ့ ဗွီဒီယို လူကြည့်များနေခဲ့တယ်။ “နောက်နောင်လည်း နေပြည်တော်ကို ရောက်ခဲ့လို့ရှိရင် ကျွန်တော့်ကားလေးကို ငှားစီးပေးပါဦးခင်ဗျာ။ ကျွန်တော်လည်း အကောင်းဆုံး အတက်နိုင်ဆုံး အမတို့ကို ဝန်ဆောင်မှုတွေ ပေးပါ့မယ်ခင်ဗျာ။ နောက်တခါ နေပြည်တော် လာလို့ရှိရင် ကျွန်တော်ထမင်းလိုက်ကျွေးပါရစေ။”လို့ နူတ်ဆက်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး ​ရွှေ​​ငွေနဲ့အဖိုးတန် ပစ္စည်း​​တွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။