စက်တင်ဘာ-၁၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကျောက်မဲမြို့ဈေးအတွင်းက ရွှေဆိုင်တစ်ဆိုင်ဟာ မနက် ၈နာရီခန့်မှာ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေစဉ် လူ ၃ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
” အချိန်ယူစောင့်ကြည့်ပြီး လုပ်တာဖြစ်မယ်။ ဆိုင်ခင်းဖို့ ပြင်နေချိန် ဝင်လာတာ။ အထုပ်လိုက်ပါသွားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဓားပြတိုက်သူတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စည်ပင်ဝန်ထမ်းတစ်ဦးလည်း သေနတ်နဲ့ ပစ်ခံရပြီး ခြေထောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဓားပြတိုက်သူတွေကို ဖမ်းမိခြင်းမရှိဘဲ ဆုံးရှုံးသွားတဲ့ ရွှေထည်တန်ဖိုးကိုလည်း လတ်တလော မသိရသေးပါဘူး။
ဒါ့အပြင် ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
မနက် ၆နာရီခန့်မှာ ကျောက်မဲမြို့ရဲ့ တောင်ဘက်ကနေ ကျယ်လောင်နဲ့ပေါက်ကွဲသံထွက်ပေါ်လာတာလို့ မြို့ခံတွေကပြောပါတယ်။
” အခုရက်ပိုင်းမှာ လေယာဉ်တွေလည်းဝဲတယ်။ ပေါက်ကွဲသံနဲ့ကြားတယ်ဆိုတော့ အရမ်းကြောက်လာတယ်။ ပေါက်ကွဲသံက ပြင်းတယ်။ ရှော့တိုက်ဒုုန်းကျတာလို့လည်း ပြောနေကြတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ၂၀၂၅ အောက်တိုဘာမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတဲ့ မြို့ဖြစ်ပါတယ်။


















































