Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယနိုင်ငံမှာ BRICS ထိပ်သီး ညီလာခံ စတင်ကျင်းပ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

အိန္ဒိယ အစိုးရက အိမ်ရှင်အဖြစ် တာဝန်ယူပြီး ဒေလီမြို့တော်မှာ စက်တင်ဘာ ၁၂ ရက်က စတင်ကျင်းပတဲ့ အခုနှစ် ညီလာခံမှာတော့ BRICS အဖွဲ့ဝင် နိုင်ငံတွေဟာ ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့နေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို အလေးထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

BRICS ဆိုတာဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကမ္ဘာ့စီးပွားရေးကို ချုပ်ကိုင်ထားတဲ့ အခြေအနေကို ယှဉ်ပြိုင်ဖို့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့က ဦးဆောင်ပြီး စတင်ထူထောင်ခဲ့တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်၊ ဆော်ဒီအာရေးဘီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံတို့လည်း ပူးပေါင်း ပါဝင်လာကြပါတယ်။

အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အီရန်က အမေရိကန်နဲ့ စစ်ခင်းတိုက်ခိုက်နေတာ ၆ လကျော်လာပြီဖြစ်ပြီး ရုရှားကလည်း ယူကရိန်းနဲ့ စစ်ခင်းနေတာ ၄ နှစ်ခွဲ ကျော်လာချိန်မှာ အခုနှစ် BRICS ညီလာခံကို ကျင်းပခဲ့တာပါ။ အဲဒီစစ်ပွဲတွေဟာ နိုင်ငံတကာ စွမ်းအင်ဖူလုံရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေအပေါ် ထိခိုက်သက်ရောက်စေသလို ကုန်စျေးနှုန်းတွေပါ မြင့်တက်လာစေပါတယ်။

Public Service Announcement

Public Service Announcement

BRICS ညီလာခံ စတင်မဖွင့်လှစ်ခင် အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ဆွေးနွေးပွဲမှာ အပြုသဘောဆောင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ညှိနှိုင်းမှု ရလဒ်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ တရုတ် အစိုးရကလည်း BRICS အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေကို မြှင့်တင်ရင်း ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ကဏ္ဍတွေမှာ ပူးပေါင်း စောင့်ရှောက်နိုင်ဖို့ ပိုမို အားထုတ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

၁၈ ကြိမ်မြောက် BRICS ထိပ်သီး ညီလာခံမှာတော့ အဖွဲ့ဝင် ၁၁ နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ပြီး စက်တင်ဘာ ၁၂ ရက်နေ့မှာ တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ရှိနေချိန် အတောအတွင်း အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ ဘာရတ် နည်းပညာ ပြပွဲ၊ ဝန်ကြီးချုပ် မိုဒီ တည်ခင်းတဲ့ နိုင်ငံတော် ညစာစားပွဲတို့ကို တက်ရောက်ကြမှာပါ။

ရောက်ရှိလာတဲ့ ခေါင်းဆောင်တွေထဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အီရန်သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်း၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာ၊ အီဂျစ် သမ္မတ အက်ဘ်ဒဲလ် ဖာတာ အယ်လ်စီစီ၊ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ အီသီယိုးပီးယား သမ္မတ အဘီအာမက် အလီ၊ ယူအေအီး အဘူဒါဘီ စော်ဘွားမိသားစုရဲ့ အိမ်ရှေ့စံ ရှိတ်ခါလက် ဘင်မိုဟာမက် ဘင် ဇာယက် အယ်လ်နာယန်းတို့ ပါဝင်ပါတယ်။ ဘရာဇီးနဲ့ ဆော်ဒီတို့ကတော့ နိုင်ငံခြားရေး ဝန်ကြီးတွေကိုသာ စေလွှတ်ခဲ့ပါတယ်။

BRICSညီလာခံကို အဖွဲ့ဝင် မဟုတ်တဲ့ မိတ်ဖက်နိုင်ငံတွေအဖြစ် ဘီလားရုစ်၊ ဘိုလီးဗီးယား၊ ကာဇက်စတန်၊ ဖိလစ်ပိုင်၊ ကျူးဘား၊ မလေးရှား၊ နိုက်ဂျီးရီးယား၊ ထိုင်း၊ ဥဇဘက်ကစ္စတန်နဲ့ ဗီယက်နမ်တို့က ကိုယ်စားလှယ် အဖွဲ့တွေလည်း တက်ရောက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း BRICS အစုအဖွဲ့ နိုင်ငံတွေရဲ့ GDPဟာ တစ်ကမ္ဘာလုံး GDPရဲ့ ၄၀ ရာခိုင်နှုန်းထိ ရှိလာကြောင်း BRICS ညီလာခံ မိန့်ခွန်းမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထည့်ပြောသွားပါတယ်။ အမေရိကန်ကို ဦးဆောင်တဲ့ စီးပွားရေး အင်အားကြီး အစုအဖွဲ့ G7က ကမ္ဘာ့ GDPမှာ ၂၉ ရာခိုင်နှုန်းသာ ပါဝင်နေတယ်လို့လည်း သူက ဆိုပါတယ်။

အခုနှစ် BRICS ထိပ်သီးညီလာကို စက်တင်ဘာ ၁၂ နဲ့ ၁၃ ရက်တွေမှာ ကျင်းပမှာပါ။ ဒါပေမဲ့ တရားဝင် သတ်မှတ်ထားတဲ့နေ့ မတိုင်ခင် စက်တင်ဘာ ၁၁ ရက်နေ့မှာ ကတည်းက BRICS စီးပွားရေး ဖိုရမ်ကို အစပြုခဲ့ပါတယ်။ မနှစ်က အစည်းအဝေးကိုတော့ ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Anadolu Agency

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

ဆောင်းပါး

“အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မြေပြင်မှာ ဘယ်သူက အမှန်တကယ် စိုးမိုးထားသလဲ”