စက်တင်ဘာ ၁၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်က စစ်သားတွေဟာ မုံရွေးဈေးထိပ်နဲ့ ကြေးမုံရွာထိပ်ကို ရောက်ရှိခဲ့ကြောင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲဂိတ်နဲ့ စစ်တပ်ရဲ့ ဘက်စုံစိုက်ပျိုးရေးခြံဂိတ်တွေမှာလည်း ပြည်သူတွေရဲ့ ၆ ဘီးယာဉ်တွေကို ချောဆွဲသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“ခင်မွန် ဘက်စုံခြံထဲ မနေ့ကတည်းက ဆွဲတာ။ မနေ့က ဆွဲတဲ့ကားတွေဒီနေ့လွှတ်တယ်။ ကျီကုန်းရွာဘက်ဆီများစစ်ကြောင်း ဆက်ထိုးဖို့လား မသိဘူး။ ဒီနေ့လဲ ဆက်ပြီးချောဆွဲတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ချောဆွဲခံထားရတဲ့ ကား ၅ စီးထက်မနည်း ရှိနိုင်ပြီး ပြည်သူတွေထံက ခိုးယူထားတဲ့ပစ္စည်းတွေ သယ်ဆောင်ဖို့လည်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောပါတယ်။
“နယ်မြေအခြေအနေကတော့ မတည်ငြိမ်သေးဘူး။ ပြည်သူတွေကျီးလန့် စာစား သဘောနဲ့ နေနေကြရတာရယ်”လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ချောင်းဦးမြို့နယ် ရွှေဒါးကျရွာက သံဃာတော်တစ်ပါး သေဆုံးခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။


















































