ဆိုင်ရှင်နဲ့ မြန်မာ ဝန်ထမ်းကြား လုပ်ခလစာကိစ္စ အငြင်းပွားမှုမှာ ဂျပန်တရားရုံး တစ်ခုက ဝန်ထမ်း အမျိုးသမီးဖက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။
တိုကျိုမြို့တော်မှာရှိတဲ့ ခေါက်ဆွဲဆိုင်ဟာ သူ့ရဲ့ လုပ်ခလစာ အများအပြားကို ဖြတ်တောက်လျှော့ချခဲ့ကြောင်း တရားရုံးမှာ မြန်မာ အမျိုးသမီးက တိုင်တန်းခဲ့ပြီး အခုတော့ တရားရုံးက သူ့ကို အနိုင်ပေးခဲ့တာပါ။ တရားရုံး စီရင်ချက်မှာတော့ အလုပ်ရှင်ဟာ ယန်း ၁ သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၆၅၀၀ လောက် အမျိုးသမီးဆီ ပေးရမယ်လို့ ညွှန်ကြားထားခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့ တိုကျိုခရိုင် တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်မှာတော့ ခေါက်ဆွဲဆိုင်ရဲ့ လုပ်ခလစာ ဖြတ်တောက် လျှော့ချမှုဟာ တရားမဝင်ကြောင်းနဲ့ အဲဒီလို ဖြတ်တောက် လျှော့ချမှုတွေက ဝန်ထမ်း အမျိုးသမီးအတွက် အကြီးအကျယ် နစ်နာစေခဲ့ကြောင်း ဖော်ပြထားပါတယ်။
အသက် ၃၀ အရွယ် အမျိုးသမီးဟာ ကျွမ်းကျင်လုပ်သား လက်ခံရေး အစီအစဉ်အရ မနှစ်က ဇန်နဝါရီလမှာ ဂျပန်ကို ရောက်လာခဲ့သူလို့ ဆိုပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ နာရီပေါင်း ၁၅၀ ကျော် အလုပ်လုပ်ခဲ့တဲ့နောက် ဆိုင်ဖက်က ကုမ္ပဏီ အိမ်ရာကြေးစတဲ့ ကုန်ကျစရိတ်တွေ အကြောင်းပြပြီး သူ့ရဲ့ လုပ်ခလစာတွေကို လျှော့ချ နုတ်ယူခဲ့ကြောင်း အမျိုးသမီးက တရားရုံးကို တိုင်ကြားခဲ့ပါတယ်။ အဲဒီ တောင်းဆိုမှုတွေဟာ လုပ်ခလစာဆိုင်ရာ ကြိုတင် သဘောတူထားတဲ့ အခြေအနေတွေနဲ့ လုံးဝ ကွဲပြားနေခဲ့တယ်လို့ အမျိုးသမီးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ဆိုင်ဖက်က သူ့ကို အလုပ်ထွက်ဖို့ ဖိအားပေးခဲ့ပြီး အမျိုးသမီးက ငြင်းဆန်တဲ့အခါ နေစရာ အခန်းငှားခ အစရှိတဲ့ အကြောင်းပြချက်တွေ အမျိုးမျိုးအောက်မှာ လုပ်ခလစာတွေ ဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ပထမဆုံး လစာဟာ တစ်ပြားမှ မကျန်တော့တဲ့ထိ နုတ်ယူတာ ခံခဲ့ရပါတယ်။ ပုံမှန်ဆိုရင် အချိန်ပိုကြေးတွေ အပါအဝင် သူဟာ တစ်လကို ယန်း ၂ သိန်းခွဲလောက်ရရှိနိုင်ပြီး အိမ်ငှားခနဲ့ တခြား ကုန်ကျစရိတ်တွေ နုတ်ယူရင်တောင် ယန်း ၁ သိန်း ၈ သောင်းလောက် ရရှိရမှာပါ။
ဒါပေမဲ့ ဧပြီလရဲ့ လစာကို ယန်း ၄ သောင်းလောက်သာ ဆိုင်ဖက်က ပေးချေပြီး မေလမှာတော့ ယန်း ၁ သိန်း ၂ သောင်းလောက် ရရှိခဲ့ပါတယ်။ အလုပ်လုပ်ခဲ့တဲ့ ကာလတလျှောက် သူ့လစာ ၇၀ ရာခိုင်နှုန်းကျော်ကိုလည်း အလုပ်ရှင်က အကြောင်းအမျိုးမျိုးပြပြီး ဖြတ်တောက်ခဲ့တာကိုလည်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီလို ဆိုးဆိုးရွားရွား လစာဖြတ်တောက်မှုတွေကြောင့် အမျိုးသမီးဟာ အစားအသောက် ဝယ်ဖို့နဲ့ ဘေလ်တွေ ဆောင်ဖို့တောင် ငွေကြေး မလုံလောက်တဲ့ထိ အကျပ်အတည်း တွေ့ခဲ့ကြောင်းလည်း တရားသူကြီးက ပြောပါတယ်။
အဲဒီနှစ် ဇွန်လလယ်မှာ အမျိုးသမီးက အလုပ်ထွက်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ဆိုင်ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်ကျော်လောက် ကြာမြင့်အောင် တရားရင်ဆိုင်ပြီးချိန်မှာတော့ ခေါက်ဆွဲဆိုင်ရဲ့ လုပ်ခလစာ ဖြတ်တောက်မှုဟာ တရားမဝင်ဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီး အမျိုးသမီးရဲ့ ရပိုင်ခွင့် ငွေကြေးတွေ ပြန်ပေးဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
နောက်ပြီး ကုမ္ပဏီဖက်က လစာဖြတ်တောက်မှုတွေကို လက်မခံရင် နေစရာ ပေးထားတဲ့ အိမ်ကနေ ချက်ချင်း နှင်ထုတ်မယ်လို့ ဝန်ထမ်းဆီ အလုပ်ရှင်က ခြိမ်းခြောက်မှုဆန်ဆန် message ပေးပို့ခဲ့တာဟာလည်း တရားမဝင်တဲ့ လုပ်ရပ်လို့ တရားရုံးက ထည့်သွင်း သတ်မှတ်ပြီး အဲဒီလို လုပ်ပိုင်ခွင့် မရှိကြောင်း ဆုံးဖြတ်ပေးသွားခဲ့ပါတယ်။
တရားရုံး ဆုံးဖြတ်ချက်မှာတော့ အမျိုးသမီးဆီက ဖြတ်တောက်ခဲ့တဲ့ လုပ်ခလစာတွေအပြင် ကုမ္ပဏီကြောင့် ကြုံတွေ့ခဲ့တဲ့ ကျပ်တည်းမှုတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု နစ်နာကြေးမျိုးပါ ထည့်ပေါင်းထားတာကြောင့် ယန်း ၁ သန်းထိ ပြန်လည် ပေးချေရမယ်လို့ သတ်မှတ်ပေးခဲ့တာပါ။
ခေါက်ဆွဲဆိုင်ကို ပိုင်တဲ့ ကုမ္ပဏီကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း၊ အလုပ်သမား စီမံခန့်ခွဲမှု စနစ်တွေကို ပြန်လည် စစ်ဆေးပြီး ဥပဒေနဲ့ ပိုမိုညီညွတ်အောင် ကြပ်မတ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။
ကိုးကား: NHK

















































