Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်ကပြန်ဆင်းလာပြီး KIA ပူးပေါင်းတပ်တိုက်ခိုက်လို့လွတ်လာတဲ့ စစ်တပ်သင်္ဘော ဇင်းဘုံမှာ ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(စစ်သင်္ဘောကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Screengrab)

စက်တင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ရှိ သင်္ဘောတွေနဲ့ စက်တင်ဘာ ၁၃ရက်မှာ ထပ်မံ စုန်ဆင်းလာရာ အဲဒီနေ့မှာ တိုက်ခိုက်ခံရပြီး သင်္ဘောအချို့ နစ်မြုပ်မီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၁၃ရက်က တိုက်ခိုက်ခံရတဲ့ သင်္ဘော ၆စီး ရှိပြီး အဲဒီထဲက ၃စီးနစ်မြုပ်ကာ ၁စီးပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က သင်္ဘော ၆စီးလုံးထိခိုက်ခဲ့ပြီး ၄စီးနစ်မြုပ် ၂စီးမီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ကနဦး ပြောထားပေမဲ့ ဒီမနက်မှာတော့ မနေ့က ထိခိုက်ခဲ့တဲ့ သင်္ဘောအရေအတွက်ဟာ ၄စီးသာရှိတယ်လို့ ပြန်လည်ပြင်ဆင် ပြောပါတယ်။

” ဗန်းမော်က ဆင်းလာတဲ့ သင်္ဘော ၁စီး ဒီမနက် ဇင်းဘုံနားမှာ မြုပ်သွားပြီ။ မနေ့က ၃ စီးမြုပ် ၁စီးပျက်စီး။ ဒီနေ့ ၁စီးဆိုတော့ ၅စီးပေါ့။မနေ့က လွတ်သွားတဲ့ဟာတွေ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခြားသတင်းရင်းမြစ်တဦးကလည်း ဒီမနက် တိုက်ခိုက်ခံရတဲ့ သင်္ဘောဟာ မနေ့က ဗန်းမော်မြို့နယ် အောက်စာဝတီး တစ်ဝိုက် ဆူးပုတ်ကုန်းမှာ တိုက်ခိုက်ခံရလို့ စက်ပျက်ပြီး မျောလာတဲ့ သင်္ဘောဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီသင်္ဘောဟာ ဒီမနက်စက်တင်ဘာ ၁၄ရက် တိုက်ခိုက်ခံရမှုမှာ ရေယာဉ် တိုက်ရိုက်ထိမှန် မီးလောင်နစ်မြုပ်သွားတာလို့ ဆိုပါတယ်။

လတ်လောမှာ စစ်သင်္ဘောတွေ ဖြတ်သန်းရာ ဗန်းမော်မြို့နယ် စင်းခန်းဒေသမှာ မြေပြင်တိုက်ပွဲတွေ တိုက်ပွဲတွေဆက်ရှိနေဆဲဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဗန်းမော်ဘက်တော့ စစ်ရေး မထူးသေးဘူး။အခု စင်းခန်းနားမှာတော့ နေ့တိုင်း တိုက်ပွဲရှိတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘော အများအပြားကို ရွှေကူနဲ့ ဗန်းမော်ကြားမှာ တိုက်ခိုက်ဖျက်ဆီးထားနိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

တိုက်ခိုက်ဖျက်စီးခဲ့တဲ့ သင်္ဘောအရေအတွက် အတိအကျ ထုတ်ပြန်တာမရှိပေမဲ့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ၂၀၂၆ ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၁၄ရက်အထိ စစ်သင်္ဘောတွေအပါအဝင် တွန်းသင်္ဘော၊ သံခွန်သင်္ဘော စုစုပေါင်း စစ်တပ်သင်္ဘော ၂၀စီးနီးပါးကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တိုက်ခိုက်ဖျက်ဆီးခံရတဲ့ သင်္ဘောအများစုဟာ ဗန်းမော် နဲ့ ရွှေကူကြား စင်းခန်းဒေသ၊ ဇင်းဘုံဒေသ တွေမှာ ဖြစ်ပါတယ်။ ရွှေကူကနေ ဗန်းမော်မြို့ကို သင်္ဘောတွေ ဆန်အတက်မှာ တိုက်ခိုက်ဖျက်ဆီးခံရတာရှိသလို ဗန်းမော်မြို့ကနေ ပြန်စုအဆင်းမှာလည်း တိုက်ခိုက်ဖျက်ဆီးခံရတာရှိပါတယ်။

အဲဒီလို တိုက်ခိုက်ခံရလို့ စစ်တပ်ဘက်က သေဆုံးထိခိုက်တာ၊ ရေထဲခုန်ချ ရေစီးနဲ့ မျောပါသွားတာ၊ KIA ပူးပေါင်းတပ်ထံ လက်နက်ချတာတွေ ရှိခဲ့ပါတယ်။

KIA ရဲ့ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၂ရက် ရေကြောင်းတိုက်ပွဲမှာ စစ်တပ်က လက်နက်ချသူ ၁၅၀ ကျော်ရှိရာ အဲဒီထဲက ဗိုလ်ကြီး ၂ဦးအပါအဝင် ၁၁၈ဦးဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်သူတွေကတော့ အမျိုးသမီး၊ ကလေးငယ်စတဲ့ တပ်မိသားစုဝင်နဲ့ အရပ်သားအချို့ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းလည်း KIA က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ပျက်စီးသွားတဲ့ သင်္ဘောပေါ်က စစ်သားတွေ အခြားသင်္ဘောပေါ်ပြောင်းရွှေ့၊ စစ်တပ်က သင်္ဘောပျက် ဆွဲသွားရန်ကြိုးပမ်းနေဟုဆို