Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းမှာ မိန်းကလေးတစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့သူ လူငယ်ကို မလေးရှား တရားရုံး တရားသေလွှတ်ပေး

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

ဓာတ်ပုံ - Social Media

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မလေးရှားရဲ့ ဆီလန်ဂါ ပြည်နယ်ထဲက အလယ်တန်းကျောင်း တစ်ကျောင်းရဲ့ မိန်းကလေး အိမ်သာမှာ အသက် ၁၅ နှစ်အရွယ် ယိရှင့်ရွှမ်ဟာ ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။ အခင်းဖြစ်ချိန်တုန်းက အသက် ၁၄ နှစ်သာ ရှိခဲ့သေးတဲ့ ပြစ်မှု ကျူးလွန်သူ လူငယ်ကို လူသတ်မှုနဲ့ တရားစွဲဆိုထားပေမယ့် စက်တင်ဘာ ၁၄ ရက်နေ့ စီရင်ချက်အရ စွဲချက်တွေကနေ ကင်းလွတ်ခွင့် ရသွားခဲ့ပါတယ်။

ဒါပေမဲ့ ရှားအလမ် တရားရုံးက အဲဒီလူငယ်ဟာ စိတ်ကျန်းမာရေး အခြေအနေ အလုံးစုံ စိတ်ချရပါပြီလို့ အတည်မပြုနိုင်မချင်း ပီရက်ခ်မှာရှိတဲ့ စိတ်ကျန်းမာရေး ဆေးရုံတစ်ခုမှာ အချိန်ကာလ အတိုင်းအတာ တစ်ခုထိ ဆက်ပြီး တက်ရောက်နေရမယ်လို့ အမိန့်ချခဲ့ပါတယ်။

တရားရုံးက အမည်မထုတ်ပြန်ခဲ့ဘဲ အခုအခါ အသက် ၁၅ နှစ် ရှိပြီဖြစ်တဲ့ လူငယ်ရဲ့ ရှေ့နေဖြစ်သူ ကစ်ဆန် ဖွန်းက သူ့ရဲ့ အမှုသည်ဟာ အခင်းဖြစ်ပွားချိန်တုန်းက စိတ်ကျန်းမာရေး ကောင်းမွန်မနေခဲ့ကြောင်း မီဒီယာတွေကို ပြောပါတယ်။ သူ့ရဲ့ ရှေ့နေအဖွဲ့ဟာ ရာဇသတ်ကြီး ပုဒ်မ ၈၄ နဲ့ ညီညွတ်တဲ့ လျှောက်ထား ချေပမှုတွေ တင်သွင်းနိုင်တာကြောင့် အမှုသည်ဟာ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့တာ ဖြစ်တယ်လို့လည်း ဖွန်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ လူငယ်ကို လက်ခံကုသပေးမယ့် ဘာဟာဂီယာ အူလူကင်တာ စိတ်ကျန်းမာရေး ဆေးရုံရဲ့ မှုခင်းစိတ်ပညာဆိုင်ရာ ပညာရှင် တစ်ဦးကလည်း အဲဒီလူငယ်ဟာ အခင်းဖြစ်ချိန်က ပြင်းထန်ပြီး ရန်လိုတတ်တဲ့ စိတ်ကစဉ့်ကလျား ရောဂါတစ်မျိုး ခံစားနေခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပြီး အဲဒီတင်ပြချက်ကို တရားရုံးက လက်ခံခဲ့ပါတယ်။

အဲဒီ စိတ်ကျန်းမာရေး အခြေအနေကြောင့်ပဲ သူ့အမှုသည်ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ကြောင်း၊ သူ့ကိုယ်သူ နတ်ဘုရား တစ်ပါးလို့ အထင်မှားပြီး တစ်ယောက်ယောက်က သူ့ကို ညွှန်ကြားခိုင်းစေနေတယ်လို့လည်း ယုံမှားနေခဲ့ကြောင်း၊ တရားရုံးက အဲဒီတင်ပြချက်တွေကို လက်ခံခဲ့ကြောင်း ဖွန်းက ဆက်ပြောပါတယ်။

တရားသူကြီး အက်ဒ်လင်း အက်ဘ်ဒူလ် မာဂျစ်က လူငယ်အနေနဲ့ သူ့လုပ်ရပ်ကြောင့် အသက်တစ်ချောင်း ဆုံးရှုံးခဲ့တာကို နှလုံးသွင်းပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့၊ ရရှိလာတဲ့ ဒုတိယ အခွင့်အရေးကို တန်ဖိုးထားဖို့ ပြောကြားခဲ့ပါတယ်။ တရားလို ရှေ့နေတွေဖက်က တရားရုံး ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။

လူငယ်ရဲ့ အခြေအနေဟာ တရားရုံးမှာ စစ်ဆေးမှု ခံယူနိုင်လောက်တဲ့ အနေအထား ရှိပြီလို့ အခုနှစ် ဇန်နဝါရီလမှာ ကြေညာခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ လူငယ်က သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဩဂုတ်လ ၃ ရက်နေ့မှာ တရားခွင်ကို စတင်ခဲ့ပြီး တရားလို ရှေ့နေတွေဖက်က သက်သေ ၁၁ ဦးထိ တင်သွင်းခဲ့ပါတယ်။ တရားခံ ရှေ့နေအဖွဲ့ကတော့ ကာယကံရှင် လူငယ်အပါအဝင် သက်သေ ၂ ဦးကို တင်ပြခဲ့ပါတယ်။

လူငယ်အပေါ် စွပ်စွဲချက်တွေဟာ ပြစ်မှုထင်ရှားရင် သေဒဏ်၊ ဒါမှမဟုတ် နှစ် ၄၀ လောက်ထိ နှစ်ရှည်ထောင်ဒဏ်မျိုး၊ ကြိမ်ဒဏ် စတာတွေ ချမှတ်ခံရနိုင်ပါတယ်။ ဒါပေမဲ့ ၂၀၀၁ ခုနှစ်၊ ကလေးများဆိုင်ရာ အက်ဥပဒေအရ အသက် ၁၈ နှစ်အောက် အရွယ်တွေ ပြစ်မှုကျူးလွန်ရင် သေဒဏ်ချပိုင်ခွင့်ကို တားမြစ်ထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။

Facebook