အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။
ကမ္ဘာပတ်လမ်းထဲမှာ လက်နက်စနစ် ဖြန့်ကျက်ထားကြောင်း၊ အဲဒီလို တိုက်ခိုက်မှု စွမ်းရည်မျိုး ပိုင်ဆိုင်ထားကြောင်းကို အမေရိကန်က ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ခြင်း ဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လေတပ်ဌာနခွဲ အကြီးအကဲ ထရိုင် မိန်းခ်က ရန်သူတွေရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို တန်ပြန်ဖို့အတွက် ကမ္ဘာပတ်လမ်းထဲမှာ လက်နက်တွေ ထားရှိဖို့ အမေရိကန်အတွက် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့တုန်းက ဝေဟင်၊ အာကာသနဲ့ ဆိုက်ဘာ ကွန်ဖရန့်မှာ မိန့်ခွန်းပြောတဲ့အခါ မိန်းခ်က အမေရိကန်ဟာ ဆင့်ကဲပြောင်းလဲလာတဲ့ ခြိမ်းခြောက်မှု ပုံစံတွေကို တန်ပြန်ဖို့ အသင့်ပြင်ဆင်တဲ့ အနေနဲ့ အာကာသထဲ လက်နက်စနစ် ဖြန့်ကျက်ထားတာလို့ အကြောင်းပြချက် ပေးသွားပါတယ်။ ဒါပေမဲ့ လက်နက် အမျိုးအစားနဲ့ စွမ်းဆောင်ရည်၊ ပြီးတော့ ဘယ်အချိန် ကတည်းက ကမ္ဘာပတ်လမ်းထဲမှာ ရှိနေခဲ့သလဲ ဆိုတာတွေကိုတော့ သူက အသေးစိတ် ထုတ်ပြောမသွားပါဘူး။

Public Service Announcement
အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ တချို့က အာကာသ အခြေစိုက် စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ အစီအမံတွေ ရှိနေကြောင်း အရင်ကလည်း ပြောဆိုခဲ့ဖူးပါတယ်။ ပြီးတော့ ရုရှားနဲ့ တရုတ်တို့ဟာလည်း အနာဂတ်မှာ စစ်ရေး ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ ကမ္ဘာပတ်လမ်းထဲက အမေရိကန် ဂြိုဟ်တုတွေကို တိုက်ခိုက် ဖျက်ဆီးဖို့၊ အနှောင့်အယှက်ပေးဖို့ အာကာသ အခြေစိုက် လက်နက်စနစ်တွေ ပြင်ဆင်နေကြပြီလို့ အမေရိကန် စစ်ထောက်လှမ်းရေးက သတိပေးထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သူအဆိုပြုထားပြီး အလွှာအလိုက် ပေါင်းစပ် အလုပ်လုပ်မယ့်Golden Domeဆိုတဲ့ လေကြောင်းကာကွယ်ရေး စနစ်ကြီးမှာ အာကာသ အခြေပြု လက်နက်စွမ်းရည်နဲ့ အစွမ်းထက် ဒုံးခွင်းဒုံးတွေဟာ အထူးအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ ပြောကြားထားပါတယ်။
၁၉၆၇ ခုနှစ်တုန်းက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ စာချုပ်အရ အကြီးအကျယ် ထိခိုက်ဖျက်ဆီးနိုင်တဲ့ စစ်လက်နက်တွေ အာကာသထဲမှာ ဖြန့်ကျက်မှုကို တားဆီးထားပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့လို စူပါပါဝါ နိုင်ငံတွေဟာ အဲဒီစာချုပ်ပါ ကန့်သတ်ချက်တွေနဲ့ အကျုံးမဝင်တဲ့ စစ်လက်နက် အမျိုးအစားတွေ၊ ဥပမာ ရန်သူ့ စစ်ဘက်၊ လမ်းညွှန်နဲ့ ထောက်လှမ်းရေး ဂြိုဟ်တုတွေကို လက်ဦးမှုယူ ဖျက်ဆီးနိုင်တဲ့ လက်နက်စနစ်တွေကို ကမ္ဘာပတ်လမ်းထဲမှာ ဖြန့်ကျက်ထားဖို့ အပြိုင်အဆိုင် ကြိုးစားလာနေပါတယ်။
ကိုးကား: BBC

















































