Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းအတွက်လူဝယ်တာမှာ ​ရန်ကုန်က​ဘောလုံးသမားကိုဝယ်မိတဲ့​အောင်ပန်းကဗိုလ်ကြီး ဖမ်းဆီးခံရ

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော

(ရန်ကုန်မြို့က မီးရထားဝန်ထမ်းအိမ်ရာတခုအတွင်းCDMလှုပ်ရှားမှုမှာပါဝင်သူတွေကို စီးနင်းနေရှာဖွေနေတဲ့ စစ်သားတချို့ကို ၂၀၂၁ မတ်လ ၁၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-EPA)

စက်တင်ဘာ-၁၆၊၂၀၂၆။နေ့သစ်/People’s Spring

ရန်ကုန်မြို့က ဘောလုံးသမား ၁ဦးကိုစစ်မှုထမ်းအစားထိုးဖို့ ကျပ်သိန်း ၇၀ နဲ့ ဝယ်ယူခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုတင်(၇၀၀)စစ်ဆေးရုံကဆရာဝန် ဗိုလ်ကြီးကို စစ်တပ်ကဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

ဖမ်းဆီးခံထားရတဲ့အောင်ပန်းမြို့ကုတင်(၇၀၀)စစ်ဆေးရုံက ‌ဆရာဝန်ဗိုလ်ကြီးဖြစ်ပြီး စစ်မှုထမ်းဖို့ လိုအပ်တဲ့ အရေအတွက်ကို လစဉ် ရန်ကုန်မြို့ကို သွားရောက်​ဝယ်​လေ့ရှိသူ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ရန်ကုန်ကနေ ဘောလုံးသမားဝယ်လာမိလို့ သူ့ကို ဖမ်းထားတယ်။သူကလစဉ်အဲလိုပဲရန်ကုန်ကိုသွား သွားဝယ်နေတာ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုတင်(၇၀၀)စစ်ဆေးရုံက ‌ဗိုလ်ကြီးဖမ်းဆီးခံရတဲ့ ရက်ပိုင်းဟာ ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ပျောက်ဆုံးမှုဖြစ်ပြီး​နောက်ပိုင်းနဲ့ တိုက်ဆိုင်နေပါတယ်။ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ရန်ကုန်မြို့ကနေ စစ်မှုထမ်းဖို့ ရောင်းစားခံရသူဟာဘောလုံးသမားတစ်ဦးလို့သာ အတည်ပြုပြီး ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမား Pa Lung ဟုတ်၊မဟုတ် အတည်မပြုပေမယ့်ဖြစ်နိုင်တယ်လို့မှတ်ချက်ပြုပါတယ်။

ဒါ့​အပြင်အောင်ပန်းမြို့ခံအခြားသတင်းရင်းမြစ်တဦးက အဆိုပါ ဗိုလ်ကြီးဝယ်မိတဲ့သူဟာ Pa Lung ဖြစ်တယ်လို့ ​ပြောပါတယ်။

အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းကရန်ကုန်မြို့မှာဖူဆယ်ပွဲကြည့်ပြီး အပြန်ခရီးမှာ ၇/၈ လမ်းဆုံမှ Taxi ဌားစီးရာ နောက်ပိုင်းအဆက်အသွယ်မရခဲ့ကြောင်း အသင်းက ဖော်ပြခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်မှ စတင်ကာဩဂုတ်၂၇ ရက်အထိ(၅)ရက်တိုင်အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူးပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ပတ်အကြာသြဂုတ်၂၉ရက်မှာပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Pa Lung ဟာ မိခင်ကျန်းမာရေး အရေးပေါ်ကြောင့် နေရပ်ပြန်သွားရာမှ ခရီးလမ်းမှာ ဖုန်းအားကုန်သွားတာနဲ့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အသင်းနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ အသင်းက ဆိုပါတယ်။ ဒါ​ပေမယ့်ပြည်သူတွေက မယုံကြည်ဘဲ ရန်ကုန်နဲ့ ချင်းပြည်နယ် မတူပီကိုလမ်းခရီးအခြေအနေအရ တစ်ပတ်အတွင်း သွားလာဖို့ မဖြစ်နိုင်ကြောင်းနဲ့ စစ်တပ်က ပေါ်တာဆွဲရာမှ ပြန်လွတ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြပါတယ်။People’s Spring ရဲ့သတင်းရင်းမြစ်တဦးကလည်း Pa Lung ကိုလူတစ်စုကဖမ်း​ခေါ်သွားတာဖြစ်ပြီး သူ့ကို ရန်ကုန်-မန္တ​လေး အမြန်လမ်းတစ်​နေရာကို ​ငွေ​ပေးပြီးပြန်သွား​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ​ပြောပါတယ်။

စက်တင်ဘာ ပထမပတ်အတွင်းမှာ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေကနေ စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံရတဲ့ လူငယ် ၂၀ ကျော် အထိရှိနေတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို တင်ပေးနေတဲ့ Scout Channel တွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစားသမား ၂ဦးလည်း ပျောက်ဆုံးနေကြောင်း အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့တွေနဲ့ နယ်မြေလူမိုက်အဖွဲ့တွေက လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး စစ်မှုထမ်းဖို့အရေအတွက်လိုအပ်တဲ့ မြို့နယ်၊ ရပ်ကွက်တွေကို ပြန်ရောင်းစားတဲ့ ဈေးကွက် ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်က​ ပေါ်တာဆွဲတာကို ပျူ​စောထီး​တွေ၊လူမိုက်​တွေ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေ၊ရဲနဲ့စစ်သား​တွေက အဓိက လုပ်​နေကြတာဖြစ်ပါတယ်။​ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစု​ဆောင်းရသူ​​တွေကို ပြန်လည်​ရောင်းချတဲ့​ဈေးကွက်လည်းရှိ​နေပြီး ကျပ်သိန်းဆယ်ဂဏန်းက​နေ၊သိန်းရာနဲ့ချီပြီးအထိ ရှိ​နေတယ်လို့စုံစမ်းသိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လက စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး အခု စက်တင်ဘာမှာပြုလုပ်မယ့်စစ်မှုထမ်းအပါတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်တပ်က စစ်သားသစ်​တွေကိုသာအဓိကအသုံးပြု​​နေပြီး​သေဆုံဒဏ်ရာရသူ ၊ထွက်​ပြေးသူ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ​တွေလည်းများ​နေပါတယ်။ဒါ​ကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာ​တွေ စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ ပိုမိုပြုလုပ်​နေပါတယ် ။ဒါ​ကြောင့်​တော်လှန်​ရေးတပ်​တွေ စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်သတိပြုပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ပြည်သူ​တွေကို တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မြေးနှစ်ဦးကို နိုင်ငံခြားပို့ထားတဲ့ ရုပ်ရှင်ဒါရိုက်တာပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေချိန် စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းကြောင်းပြောပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။