စက်တင်ဘာ၁၈၊၂၀၂၆။မိထက်/People’s Spring
ဧရာဝတီတိုင်း၊ ရေကြည်မြို့နဲ့ အသုတ်မြို့လမ်းပိုင်းမှာ ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့ ဆင့်တိုက်မိလို့ လူ ၅ဦး ဒဏ်ရာရသွားပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၈ရက်နေ့လယ်ပိုင်းမှာ ရေကြည်မြို့ နဲ့ အသုတ်မြို့ကြား ချင်းကုန်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” ထိတာတွေက ဆိုင်ကယ်၊ သုံးဘီးကားဘက်က ထိတာ။ ငါးယောက်မှာ တစ်ယောက်ကတော့စိုးရိမ်ရတယ်။ လမ်းတွေက ရေမြုပ်ထားတော့ ပျက်စီးနေတာများတယ်။ လမ်းကကျဉ်းလည်းကျဉ်းတယ်”လို့ အသုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ခရီးသည်တင်ကားက ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်းမြို့နယ်တွေ ပြေးဆွဲနေတဲ့ကားဖြစ်တယ်လို့ သိရပါတယ်။
ရေကြည်မြို့ နဲ့ အသုတ်မြို့ဟာ သြဂုတ် ၃၀ရက်က ကျိုးကျခဲ့တဲ့ လေးမျက်နှာရေကာတာကြောင့် ရေကြည်နစ်မြုပ်တဲ့ဒေသတွေထဲမှာ ပါဝင်ပါတယ်။ ရေကြည်မြို့က ရေဘေးပိုမိုဆိုးရွားခဲ့ပြီး ဒေသတွင်းအဝေးပြေးကာလမ်းမတွေပေါ်မှာပါ ရေကျော်ခဲ့ပါတယ်။ ယခုတော့ ရေပြန်ကျသွားပြီဖြစ်ပါတယ်။
” ဧရာဝတီတိုင်းထဲမှာလမ်းတွေပျက်စီးနေတာအများကြီးပဲ။ ထိထိရောက်ရောက်ပြင်ဆင်တယ်ဆိုတာမရှိပါဘူး”လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ၃ရက်ကလည်း ရန်ကုန် – ဟင်္သာတအဝေးပြေးလမ်းရဲ့ ဟင်္သာတ-ဇလွန်လမ်းပိုင်းမှာ သုံးဘီးကားနဲ့ လိုက်ထရပ်ကား မျက်နှာချင်းဆိုင်တိုက်မိလို့ ၃ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။


















































