ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေတုန်းက နိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီ ပြည်နယ်မှာ ဖြန့်ကျက်ဖမ်းဆီးမှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ အစိုးရ ဝန်ထမ်း ၃ ဦး၊ ထိုင်းနိုင်ငံသား အိမ်ပိုင်ရှင် ၉ ဦး၊ နိုင်ငံခြား ရွှေ့ပြောင်းလုပ်သား ၁၅ ဦးတို့ ပါဝင်ခဲ့ပါတယ်။
ရွှေ့ပြောင်းလုပ်သား နိုင်ငံခြားသားတွေကို တရားဝင် မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ထိုင်းမှတ်ပုံတင်တွေ ထုတ်ပေးထားတာကို စစ်ဆေး တွေ့ရှိပြီးတဲ့နောက် ကန်ချန်နာဒစ်နဲ့ ခိုဆမွိုင် ခရိုင်တွေမှာ အခုလို ဖမ်းဆီးမှုတွေကို လုပ်ဆောင်ခဲ့တာပါ။
အာဏာပိုင်တွေရဲ့ အဆိုအရ ထိုင်းအိမ်ပိုင်ရှင်တွေက နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းနိုင်ငံသားတွေပါလိမ့် လိမ်လည် ထွက်ဆိုပေးပြီး မှတ်ပုံတင်ကတ်ရအောင် ပူးပေါင်း ကြံစည်ပေးခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
ထိုင်းရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဆမ်ရန် နူရယ်လ်မာက ဆူရတ်ဌာနီကို ကိုယ်တိုင် သွားရောက်ပြီး ဒီအမှုနဲ့ ပတ်သက်လို့ ကိုင်တွယ် အရေးယူမှုတွေကို စစ်ဆေးခဲ့ပါတယ်။ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ ဆမ်ရန်က မသမာသူတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် Category 0 ထိုင်းမှတ်ပုံတင်တွေ ရရှိအောင် ပူးပေါင်းကြံစည်ထားတာလို့ ပြောပါတယ်။
Category 0 ဆိုတာက ဂဏန်း ၁၃ လုံးပါပြီး 0နံပါတ်နဲ့ စတင်တဲ့ မှတ်ပုံတင် အမျိုးအစားပါ။ နိုင်ငံမဲ့အဖြစ် သတ်မှတ် ခံရသူတွေ၊ လူမှုအသိုက်အဝန်းက ဖယ်ကြဉ်ခံထားရတဲ့ အစုအဖွဲ့တွေ၊ ဝေးလံသီခေါင်လှတဲ့ အစွန်အဖျား ဒေသတွေမှာ နေထိုင်ပြီး လူဦးရေ စာရင်းထဲ ထည့်သွင်းရေတွက်မထားတဲ့ ထိုင်းနိုင်ငံသားတွေကို Category 0 မှတ်ပုံတင်တွေ စိစစ် ထုတ်ပေးလေ့ ရှိပါတယ်။
အဲဒီ မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်း အခြေချသူ နိုင်ငံခြားသားတွေဟာ ထိုင်းအစိုးရက ထောက်ပံ့ပေးထားတဲ့ အခြေခံ ဝန်ဆောင်မှု အများအပြားကို ခံစားခွင့် ရှိသလို အချိန်ကာလ အတိုင်းအတာတစ်ခု ကြာပြီးရင် တင်းပြည့်ကျပ်ပြည့် ထိုင်းနိုင်ငံသား မှတ်ပုံတင်ကတ်ကို လျှောက်ထားခွင့် ရှိပါတယ်။
ဇူလိုင်လတုန်းကလည်း ထိုင်းရဲတပ်ဖွဲ့ဟာ ဆူရတ်ဌာနီရဲ့ ဒွန်ဆက်ခ် ခရိုင်ထဲမှာ အလားတူ တရားမဝင် မှတ်ပုံတင် ထုတ်ပေးမှု ဖြစ်ရပ်တစ်ခုကို စုံစမ်းစစ်ဆေးပြီး ဖြိုခွင်း အရေးယူခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Bangkok Post


















































