စက်တင်ဘာ၂၂၊၂၀၂၆။မိထက်/People’s Spring
စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။
ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းက မြို့တွေကို ကားလမ်းအဓိက အသုံးပြုသွားလာကြရပြီး စစ်တပ်က စက်တင်ဘာလလယ်က စတင်ကာ စစ်လက်နက်ပစ္စည်းတွေကို ကားနဲ့သယ်ယူပို့ဆောင်နေတာလို့ ဆိုပါတယ်။
” ကားအများစုကို အမိုးတွေအုပ်ထားပေမယ့် ရပ်တဲ့နေရာမှာဆို တွေ့ရတယ်။ သစ်သားပုံးတွေအထပ်လိုက်သယ်ကြတာ။ သေနတ်ကိုင်ထားတဲ့စစ်သားတွေကလည်း တော်တော်လေးကို ရန်လိုတဲ့မျက်နှာထားတွေနဲ့တွေ့ရတယ်။ အဲဒီကားတွေနဲ့ဝေးဝေးနေပါ။ အမှတ်တမဲ့ပေါက်ကွဲတာပဲဖြစ်ဖြစ် သံသယရှိတယ်ဆိုပြီး ဖမ်းဆီးတာမျိုးပဲဖြစ်ဖြစ် အန္တရာယ်ကြီးပါတယ်။”လို့ ရန်ကုန်-ပုသိမ်လမ်းပိုင်းမှာ ပါဝင်တဲ့ ညောင်တုန်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကားတွေဂာ ဧရာဝတီတိုင်းဘက်ကို တစ်ပတ်သုံးကြိမ်ထက်မနည်းထွက်ခွာနေပြီး စစ်လက်နက်ပစ္စည်းတွေပါသယ်ယူနေတယ်လို့သတင်းရထားကြောင်း လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ်က ဒဂုံဧရာဘအဝေးပြေးဂိတ်အနီးမှာ အမှတ်(၉) ရဲလေ့ကျင့်ရေးတပ်ရှိပြီး စစ်တပ်က အဲဒီကနေတဆင့် ဧရာဝတီတိုင်းကို လူအင်အားနဲ့လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။
” စစ်ကားတွေမှာ လက်နက်တွေသယ်လာတာ ဒီနောက်ပိုင်းမကြာခဏတွေ့ရတယ်။ ကျနော်တို့ကတော့ အဲဒီကားတွေနဲ့တွေ့ရင်ဝေးဝေးရှောင်တယ်” လို့ ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းအသုံးပြုသူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ၂၁ရက် နေ့လယ်ပိုင်းက သစ်သားပုံးတွေတင်ထားတဲ့ စစ်ကားသုံးစီးဟာ ရန်ကုန်-ပုသိမ်လမ်းအတိုင်းအလျင်အမြန်မောင်းနှင်သွားတာကို တွေ့ခဲ့ရပါတယ်။
” လူကြီးချင်းချိတ်ဆက်ပြီး ကြိုသတင်းပို့တယ်။ လက်နက်တွေနဲ့ ဖြတ်မယ်လို့။ ဒီနောက်ပိုင်းအဲဒီလိုကားတော်တော်များများဖြတ်တယ်”လို့ ပုသိမ်မြို့အဝင် စစ်ဆေးဂိတ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်နဲ့ဧရာဝတီတိုင်း ချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းမတလျှောက်က စစ်ဆေးဂိတ်တွေမှာ မည်သူမဆို လက်နက်ကိုင်ဆောင်ပြီးဖြတ်မယ်ဆိုရင် တရားဝင်သတင်းပို့ကြဖို့ စစ်ကောင်စီကကညွှန်ကြားထားပြီး ဂိတ်တွေမှာလည်းဗီနိုင်းနဲ့ ချိတ်ဆွဲ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကုန်ခန့်ကလည်း အမိုးအုပ်စစ်ကားအစီးရေ ၂၀ကျော်ဟာ ရန်ကုန်ကနေ ဧရာဝတီတိုင်းဘက်ကိုထွက်ခွာသွားခဲ့ပြီး အဲဒီကားတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ လက်နက်ခဲယမ်း သေတ္တာတွေပါတယ်လို့ စုံစမ်းသိရှိရပါတယ်။
” စစ်မှုထမ်းသင်တန်းဆင်းတွေကို လေးမျက်နှာနဲ့ရေကြည်ဘက်ကိုလည်းပို့တယ်။ တချို့ကို ညောင်တုန်းရေကာတာမှာ လုပ်အားပေးဖို့ထားခဲ့တယ်။ သေတ္တာတွေကိုတော့ ပုသိမ်ကိုပို့တယ်လို့ သိရတယ်။ သေတ္တာတွေထဲမှာ ကျည်ဆံတွေပါတာ တော့သိတယ်။ အသေးစိတ်တော့မေးလို့မကောင်းဘူး”လို့ ဧရာဝတီ တိုင်းထဲက သတင်းရင်းမြစ်တွေကပြောပါတယ်။
ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းက မြို့နယ်တွေကို ခရီးသည်တင်ကား၊ကုန်တင်ကားနဲ့ အိမ်စီးကားအပါအဝင်ကားအစီးရေ ထောင်ချီပြီး နေ့စဉ် ဖြတ်သန်းနေပါတယ်။ အဲဒီကားတွေကို စစ်တပ် ကစစ်ဆေးနေပြီး ငွေကြေးတောင်းခံနေတာတွေလည်းရှိနေပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ရခိုင်ပြည်နယ်နဲ့နယ်စပ်မြို့တွေဖြစ်တဲ့ လေးမျက်နှာ၊ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အဲဒီမြို့နယ်တွေကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေလည်း စစ်ကောင်စီက အင်အားတွေ ပို့နေတယ်လို့ သတင်းရရှိပါတယ်။ပုသိမ်-မုံရွာလမ်းလမ်းပိုင်းကိုအသုံးပြုပြီး စစ်ကောင်စီကအင်အားတွေဖြည့် နေလို့ ဒေသခံပြည်သူတွေလုံခြုံရေးသတိပြုနေထိုင်ကြဖို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်က ပုသိမ်လေတပ် အသုံးပြုပြီး လေကြောင်းကနေအင်အားဖြည့်နေသလို ငဝန်မြစ်ကြောင်းကိုအသုံးပြုပြီး သင်္ဘောတွေနဲ့ ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်တွေဘက်ကို အင်အားတွေ ပို့ဆောင်နေပါတယ်။



















































