စက်တင်ဘာ၂၄-၂၀၂၆။ကတ်သရင်း/ People’s Spring
မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။
စက်တင်ဘာ ၂၃ရက်က မြင်းခြံမြို့ အရှေ့ မြောက်ဘက်အထွက်မှာရှိတဲ့ ခမရ(၁၅)တပ်ရင်းဟာ မြင်းခြံမြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဒါးကျွန်းရွာက ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ အသက်၇နှစ်အရွယ် KG တန်းကလေးငယ် သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ၁၅နှစ်အရွယ် ကျောင်းသူ ၁ဦး ပေါင်ကျိုးသွားသလို ၈နှစ်အရွယ် ဒုတိယတန်း ကလေး ၁ဦးလည်း ပေါင်ထိသွားပြီး ၁၅နှစ်ရွယ်ကျောင်းသူဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

Public Service Announcement
“အခုတလော တော်တော်ဆိုး နေတယ်။ဝေဟင်ကလည်း ဒရုန်းတွေ ၊Mi-35တွေချတယ်။စစ်ကြောင်းထိုး နေတာတွေလည်းရှိတယ်”လို့ မြို့နယ်ပကဖ သတင်းပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းဟာ တခြားကျေးရွာတွေက ကလေးငယ်တွေပါ ကျောင်းလာတက်နေရပြီး ကျောင်းသားဦးရေ ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင်း ကျောင်းကို ယာယီပိတ်ထားရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
မြင်းခြံမြို့နယ်ကို စက်တင်ဘာ ၁၅ ရက်ကစတင်ကာ စစ်တပ်က စစ်ကြောင်းတွေပြန်ထိုးနေပြီး ဒရုန်းနဲ့ ဗုံးကြဲတာ၊လက်နက်ကြီးပစ်ခတ် တာ ၊ပြည်သူ တွေဖမ်းဆီးတာ တွေ ဆက်တိုက်လုပ် နေတယ်လို့ သိရပါတယ်။



















































