စက်တင်ဘာ-၂၅၊၂၀၂၆။ဇော်ရမ်း၊ကတ်သရင်း/People’s Spring
အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေနေထိုင်ရာတွေကို ယမန်နေ့ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူ သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းမြို့နယ်၊ကိုက္ကိုကုန်းရွာကို စက်တင်ဘာလ ၂၄ရက်ညနေ ၅နာရီ၂၀မိနစ်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့သိရ ပါတယ်။
“ဖိုက်တာနဲ့ ပေါင် ၃၀၀၊ပေါင် ၅၀၀ဗုံးတွေကြဲတာပါ။ ဒဏ်ရာရတဲ့အထဲမှာ ခြေလက်ဖြတ်တောက်ရမယ့်သူတွေပါတယ်။ သေဆုံးသူတွေထဲမှာကျမဦးလေးပါတယ်”လို့ ကောလင်းမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူသုံးဦးဟာ အသက်၆၀အရွယ်နဲ့ အသက်၂၀ ကျော်အရွယ်အမျိုးသား တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဒီရွာကကောလင်းမြို့ကစစ်ရှောင်တွေပါနေတဲ့ရွာလေ။စစ်ရှောင်တွေ ရှိတဲ့ဘက်ကို သက်သက်ဗုံးကြဲသွားတာ။ရော့ကတ်တွေနဲ့ပါချသွားတယ်။ဒဏ်ရာရတဲ့သူ တွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူ တွေလည်းပါတယ်”လို့ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ရဲ့တံတားဦးလေတပ်က A-5 Bomder အမျိုးအစား ဂျက်ဖိုက်တာနဲ့ ၂ကြိမ်တိုင်ဗုံးကြဲခဲ့တာဖြစ်ပြီး နေအိမ်၁၀လုံးခန့်လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီး ညနေပိုင်းမှာ ပြည်သူတွေ ထိတ်လန့်ကာ ရွာအတွင်းမနေရဲတော့ဘဲ တိမ်းရှောင်ခဲ့ကြရတာ တွေလည်းရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။
စစ်တပ်က စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေကို အခုရက်ပိုင်းမကြာခဏဗုံးကြဲနေပါတယ်။ စက်တင်ဘာ၂၃ ရက်မနက်ကလည်း အင်းတော်မြို့နယ်ထဲက ဆီကားတန်းကို တိုက်လေယာဥ်အုပ်နဲ့ဗုံးကြဲခဲ့တာကြောင့်ဒဏ်ရာရသူ တွေအနက် သုံးဦးထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူငါးဦးရှိလာတယ်လို့ဒေသခံအချို့ကပြောပါတယ်။ အဲဒီဗုံးကြဲတဲ့ဖြစ်စဉ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ကုန်သည် တွေအပါအဝင်ငါးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင်ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်က အရပ်သားပြည်သူတွေကိုဦးတည်ပြီးတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန် နေတာကြောင်ပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်သွားမယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ၂၅ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တပ်က စက်တင်ဘာလ၂၃ရက်နေ့ညနေမှာပဲ ကသာမြို့နယ်ထဲကိုဗုံးကြဲလို့ သီလရှင်တစ်ဦးကွယ်လွန်ခဲ့ပါတယ်။ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့ကိုလည်းစစ်တပ်က ဗုံးကြဲခဲ့ပါသေးတယ်။ရွှေပြည်အေးမြို့ကို PDF ၊ပကဖ နဲ့တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။
စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလာနိုင်တဲ့အတွက် လုံခြုံရေးသတိပြုကြဖို့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။



















































