စက်တင်ဘာ-၂၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တပ်စခန်းတွေဆက်တိုက်ဆုံးရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်နဲ့ အနီးဝန်းကျင်တွေကို Y12 လေယာဥ်နဲ့ ဗုံးအလုံးရေ ၃၀ ဝန်းကျင်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရိုဟင်ဂျာကလေးငယ်တွေအပါအဝင် အရပ်သား ၈ ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ပေါ် ပြည်တော်သာရပ်ကွက်၊ကျောက်တော်မြို့အနီး ပီစီ(ပိုက်သည်)ရွာ၊ ၀ကင်း၊ နိဒင်၊ ဒုံးရွာတို့ကိုစစ်တပ်က ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“ပြည်တော်သာမှာ တလုံးကျတယ်။ ပိုက်သည်ရပ်(ပိစီရွာ)မှာ သုံးလုံးကျတယ်။ တခြားရွာတွေမှာလည်းအများကြီးကျတယ်။မိုးလင်းတဲ့ထိမအိပ်လိုက်ရဘူး။ဒီလောက်ထိချသွားတာ ဆက်မအိပ်ရဲတော့ဘူးလေ” လို့ ကျောက်တော် မြို့မှ ပြည်တော်သာရပ်ကွက်မှအမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းကလည်းကျောက်တော်မြို့ပေါ်နဲ့ အနီးဝန်းကျင်တွေကို ဒရုန်းနဲ့ ကင်းထောက်နေခဲ့ပြီးမှ အခုလို အရပ်သားတွေ နေထိုင်ရာနေရာကို ဗုံးလာကြဲတာဖြစ်ပါတယ်။ “ဒဏ်ရာရတာ အကုန်လုံး အရပ်သားတွေပဲ၊ မွတ်ဆလင်တွေ ပိုများတယ်။ ကင်းထောက်ထားပြီးတာတောင် အရပ်သားနေရာမှန်းသိရဲ့နဲ့ တမင်တကာကို ကြဲတာဆို တော့ ပြောဖို့စကားတောင် မရှိဘူး” လို့ ကျောက်တော်မြို့ခံလူငယ်တဦးကပြောပါတယ်။
ဗုံးကြဲမှုကြောင့် ပီစီရွာ(ပိုက်သည်ရပ်)မှ အသက် ၃၅ နှစ်အရွယ် အဘူကလမ်၊ နိဒင်ရွာမှ ၁ နှစ်အရွယ် ဘီဘီဆာနေးယား၊ ၈ နှစ်အရွယ် ဘီဘီဆာခါရာ၊ ၁၈ နှစ်အရွယ် ဆော်လိမ်း၊ ၃၇ နှစ်အရွယ် ရိုစိမာကာတူ၊ ၄၃ နှစ်အရွယ် ဂျာဘဲလ်၊ ပြည်တော်သာရပ်ကွက်မှ ၅၆ နှစ်အရွယ် ဦးသန်းစိန်နဲ့ ဦးသန်းစိန်ရဲ့ ဇနီး ၅၆ နှစ်အရွယ် ဒေါ်ရွှေရီတို့ ဒဏ်ရာ ရခဲ့ပါတယ်။
“ပိုက်သည်ရပ်ကဆိုရင်မူဆလင်တွေမိသားစုလိုက် ဒဏ်ရာရကြတာ။ ဗုံးက တစုတည်းမှာ ကျတယ်” လို့ ကျောက် တော်မြို့ခံ လူငယ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းက တိုက်ပွဲမှာ ဆက်တိုက်အထိနာနေပြီးစက်တင်ဘာ ၂၄ ရက်နေ့မှာလည်း ကာကင်းစခန်းတခုထပ်မံဆုံးရှုံးရကာ ထိခိုက်၊ သေဆံးသူ ဆယ်ချီရှီခဲ့ပါတယ်။ အဲဒီလိုတိုက်ပွဲမှာ အထိနာနေချိန် စစ်တွေမြို့နယ်နဲ့အစပ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့အတွင်းက လူနေကျေးရွာတွေကို ဗုံး ကြဲသလို အခုအခါ ကျောက်တော်မြို့နယ်ကိုပါ ဗုံးလာကြဲတာဖြစ်ပါတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ် ချီသေဆုံးမှုရှိနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ ဒီနေ့ ၂၅ ရက်နေ့ထိ ၂၂ ရက်တာကာလအတွင်း စစ်တပ်ကဗုံးကြဲလို့ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၇ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။



















































