Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ကမ္ဘာ့အာရုံစိုက်မှုကနေ ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော

ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းမှာ မြန်မာ့အရေးကို ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်တေတို့ ထည့်ပြော၊ တရုတ်ထည့်မပြော

(ကုလသမဂ္ဂအတွင်းရေးမှူးချုပ် နဲ့ ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်တေနိုင်ငံ​ခေါင်း​ဆောင်​တွေက(၈၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်း​ပြောကြားစဥ်။ဓါတ်ပုံ-UN )

စက်တင်ဘာ-၂၆၊ ၂၀၂၆။သော်မွန်/People’s Spring

လက်ရှိကျင်းပနေတဲ့ (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းပြောကြားတဲ့ သီတင်းပတ်(High Level Week)အတွင်းမြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် ခေါင်းဆောင်တချို့က ထည့်သွင်းပြောကြားခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ မြင့်တက်လာခြင်း၊ လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်းနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများ ကျယ်ပြန့်လာခြင်းတို့ ရှိနေပေမယ့် ကမ္ဘာ့အာရုံစိုက်မှုကနေ ပျောက်ကွယ်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

“မြန်မာပြည်သူတွေကို မေ့လျော့မထားသင့်ပါဘူး။ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးမှု၊ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ခွင့်ပြုမှုနဲ့ တာဝန်ခံမှုရှိစေရေးဆိုင်ရာကြိုးပမ်းအားထုတ်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆက်လက်ထောက်ခံပံ့ပိုးပေးဖို့ လိုအပ်ပါတယ်”လို့ ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းပြောဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ခေါင်းဆောင်တွေ မိန့်ခွန်းမပြောကြားမီ အတွင်းရေးမှူးချုပ်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ မြန်မာ့အရေး၊ ဆူဒန်အရေး၊ ယူကရိန်းအရေးတို့နဲ့ ဆက်စပ်လို့ အရပ်သားပြည်သူတွေကို ခြွင်းချက်မရှိ အကာအကွယ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုပေးဖို့၊ နျူကလီးယားမပြန့်ပွားရေးနဲ့ လက်နက်ဖျက်သိမ်းရေးတို့ ချက်ချင်းဆောင်ရွက်ဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်တွေက ထည့်သွင်းပြောကြားပါတယ်။

ထိုင်းဝန်ကြီးချုပ်အနုတင်က အိမ်နီးချင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းဆောင်ရွက်ပေးဖို့ ကတိကဝတ်က မြန်မာ့အရေး ချဥ်းကပ်ဆောင်ရွက်မှုရဲ့ လမ်းညွှန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာပြည်သူတွေ ဦးဆောင်တဲ့၊မြန်မာပြည်သူတွေပိုင်ဆိုင်တဲ့(Myanmar led and Myanmar owned)ရေရှည်တည်တံ့တဲ့အဖြေတစ်ခုထွက်ပေါ်ရေးကို ထိုင်းနိုင်ငံကထောက်ခံအားပေးတယ်လို့ ဝန်ကြီးချုပ်အနုတင်က ပြောပါတယ်။

မြေပြင်မှာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ပေါ်ထွက်လာစေဖို့ တွန်းအားပေးနေတဲ့တချိန်တည်းမှာ အာဆီယံမူဘောင်အတွင်းကဖြစ်စေ၊သက်ဆိုင်ရာမိတ်ဖက်နိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးဖြစ်စေ အပြုသဘောဆောင်ပြီး ချိန်ညှိထားတဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုမျိုးကို ယုံကြည်ကြောင်းလည်း အနုတင်က ပြောပါတယ်။

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားအရေးနဲ့ မြန်မာ့အရေး နှစ်ခုစလုံးမှာ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေရေးနဲ့ တိုးတက်မှုတွေကို လက်တွေ့ ရရှိနိုင်စေရေး ဖော်ဆောင်ပေးဖို့ ဖြစ်တယ်လို့ အနုတင်ကကုလညီလာခံမှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန်ကလည်း မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာထွက်ပြေးလာကြရတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂သန်းကျော်ကို ခိုလှုံခွင့်ပေးထားရတာ ၉ နှစ်ကျော်ရှိလာပြီဖြစ်ပြီးရိုဟင်ဂျာအကျပ်အတည်းရဲ့မူလဇာစ်မြစ်နဲ့ အစပြုရာဟာ မြန်မာနိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းအတွက်တခုတည်းသော ဖြေရှင်းနည်းမှာ နေရပ်စွန့်ခွာလာရတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့မူရင်းဇာတိဖြစ်တဲ့ မြန်မာနိုင်ငံကိုစောလျင်စွာနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ဖို့ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေကို သူတို့နေရပ်ကို ပြန်လည်မပို့ဆောင်နိုင်ခင်ကာလအတွင်း အသက်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဥ်တွေ ဆက်လက်ဆောင်ရွက်ပေးကြဖို့ ဝန်ကြီးချုပ်ရာမန်က တိုက်တွန်းပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှုကို အာမခံမပေးနိုင်ပါက မဝေးတော့တဲ့အနာဂတ်မှာကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က သတိပေးပါတယ်။

တီမောလက်စ်တေသမ္မတရာမို့ဟော်တာကလည်း ဒီကနေ့ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးတစ်ခု ဖြစ်နေတဲ့ ဆူဒန်နိုင်ငံရဲ့ အခြေအနေကို လေ့လာကြည့်ရှုဖို့ သတိပေးရင်း တောင်ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အာဖဂန်နစ္စတန်၊ မြန်မာနဲ့ ယီမင်နိုင်ငံတို့ရဲ့ အခြေအနေတွေကို လေ့လာကြည့်ရှုကြဖို့ကုလညီလာခံမှာ ထည့်သွင်းပြောကြားပါတယ်။

တီမောလက်စ်တေးသမ္မတအနေနဲ့ မြန်မာနိုင်ငံကို မေ့လျော့မသွားစေဖို့ ကမ္ဘာကြီးကို သတိပေးရင်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလရှီးလကထုတ်ပြန်ထားပါတယ်။

တီမောသမ္မတရာမို့ဟော်တာအနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ် ခိုင်မာသော ထောက်ခံအားပေးမှုနဲ့ စည်းလုံးညီညွတ်မှုတို့အတွက် ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတက ဆိုပါတယ်။

(၈၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ High Level Week မှာ တရုတ်နိုင်ငံရဲ့ ဒုတိယသမ္မတ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ တစုံတရာ ထည့်သွင်းပြောကြားခြင်းမရှိပါဘူး။ တရုတ်ဒုတိယသမ္မတက အရှေ့အလယ်ပိုင်းနဲ့ ပင်လယ်ကွေ့နိုင်ငံများအရေး၊ ပါလက်စတိုင်းအရေး၊ ယူကရိန်းအရေးနဲ့ ကျူးဘားအရေးတို့ကိုတော့ ထည့်သွင်းပြောကြားတာ တွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်တဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက High Level Week မှာ တက်ရောက်မိန့်ခွန်းပြောကြားခြင်းမရှိပေမယ့်(၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲဲ့ပါတယ်။​ ဒါ့အပြင် လာမယ့်သီတင်းပတ်မှာ စတင်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးတွေနဲ့ ကုလသမဂ္ဂ ပင်ပကော်မတီတွေရဲ့အစည်းအဝေးတွေမှာတက်ရောက်သွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook