စက်တင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်မြေပြင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၈ရက် မနက်မှာ နမ့်မွန်းကျေးရွာအနီးက စစ်တပ်နဲ့ SNA ပူးပေါင်းစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ တပ်စခန်းဟာ အရင်က KIA ထိုင်ထားတဲ့ စခန်းဖြစ်ပြီး လက်လွှတ်ခဲ့ရတဲ့ အခြေအနေမှာ ဒီကနေ့ ပြန်သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။

Public Service Announcement
” SNA ဘက်ကတော့ တော်တော်အထိနာသွားကြပုံပါပဲ။ ထုံစံအတိုင်း တိုက်ပွဲမှာ လေယာဉ်နဲ့ ဗုံးအများကြီး လာကြဲသွားတယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နမ့်မွန်းကျေးရွာမှာ စစ်တပ်လက်အောက်ခံ SNA တပ်ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအတွင်း စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။
အင်အားအများအပြားနဲ့ ဘုရားကျောင်းဝင်းအတွင်း စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာအပြင် ကျောင်းဝင်းအတွင်း ကခုန်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒီကနေ့ နမ့်မွန်းရွာတိုက်ပွဲမှာလည်း ဘုရားကျောင်းမှာ သင်တန်းဆင်းပွဲလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင် သင်တန်းဆင်းတပ်သားတွေ ပါဝင်ခဲ့တယ်လို့ သိရကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။
” သင်တန်းဆင်းတပ်သားတွေနဲ့ နန့်မွန်းရွာက SNAတပ်ဖွဲ့ဝင်တွေ တိုက်ပွဲထဲမှာပါဝင်ခဲ့တယ်လို့ပဲ သိထားရပါတယ်ဗျ။ ဘုရားကျောင်းထဲ သင်တန်းလုပ်ခဲ့လို့ စစ်ဆင်ရေးအရ တိုက်ခိုက်တာလားတော့ မသိနိုင်ပါဘူး”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
နမ့်မွန်းရွာ ဒီကနေ့ တိုက်ပွဲနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဗိုလ်မှူးကြီးနော်ဘူရဲ့ ဒီကနေ့ မနက် People’s Spring သို့ဖြေကြားချက်မှာ ဘုရားကျောင်းအတွင်း SNA တပ်က စစ်သင်တန်းဆင်းပွဲ ကျင်းပတာဟာ လုံး၀ မလုပ်သင့်တဲ့ အရာလို ပြောကြားခဲ့ပါတယ်။ ဘုရားကျောင်းမှာ အခုလိုမျိုးလုပ်လိုက်တာဟာ ရှမ်းတိုင်းရင်းသားနဲ့ကချင်တိုင်းရင်းသားတွေ ကြားမှာ ဘာသာရေးပြဿနာတွေလည်းဖြစ်ပေါ်နိုင်တာမို မလုပ်သင့်တာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ပါတယ်။
နမ့်မွန်းရွာမှာ ကွင်းပြင်အလွတ်နေရာတွေ အများကြီးရှိပါလျက်နဲ့ ခရစ်ယာန်များ အထွဋ် အမြတ် ထားရာ ဘုရားကျောင်းမှာ သင်တန်းဆင်းပွဲ ကျင်းပခြင်းဟာ မလုပ်သင့်တဲ့ အပြုအမူဖြစ်တဲ့အပြင် ယုံကြည်မှု ဘာသာတရားကို စော်ကားရာရောက်ကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
SNA ပြည်သူ့စစ်ဟာ နမ့်မွန်းခရစ်ယာန် ဘုရားကျောင်းဝင်းကို သင်တန်းကွင်းအဖြစ် အသုံးပြုနေတာ ၅နှစ်ခန့်ရှိပြီလို သိရကြောင်းလည်း ဖော်ပြထားပါတယ်။ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြတဲ့ နမ့်မွန်းကျေးရွာနေ ကချင်ပြည်သူအများစုဟာ စစ်တပ်၊ SNA ပူးပေါင်းတပ်နဲ့ KIA တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့လို စစ်ရှောင်နေကြရတာလို့ ဆိုပါတယ်။


















































