နီပေါနိုင်ငံမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ဆိုးရွားတဲ့ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နိုင်ငံအနှံ့မှာ မိုးသည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းမှုတွေကြောင့် မြစ်ရေလျှံတာ၊ တောင်ကျရေတွေ စီးဆင်းတာတွေ ဖြစ်ပွားခဲ့ပြီး မြေပြိုမှုပေါင်း ၃၀၀ ကျော် ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီထဲက တချို့မြေပြိုမှုတွေက အရမ်းဆိုးရွား ပြင်းထန်ခဲ့ပါတယ်။
မူစတန်၊ လာလစ်ပူရ၊ အီလမ် ဒေသတွေမှာတော့ မြေပြိုမှုတွေ အခြေအနေ အဆိုးဆုံးဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့က မူစတန်မှာ ဧရာမ တောင်နံရံကြီး အချပ်လိုက် ပြိုဆင်းသွားတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။
နောက်ထပ် ဗီဒီယို တစ်ခုမှာတော့ ရေတိုက်စားမှုဒဏ် ဆိုးဆိုးရွားရွား ခံစားထားရတဲ့ မြစ်ကမ်းဘေး တစ်နေရာမှာ မြေပြိုမှုတွေကြောင့် နှစ်ထပ်တိုက် အိမ်တစ်လုံး မြစ်ထဲ ပြုတ်ကျသွားတာကိုလည်း တွေ့ရပါတယ်။

Public Service Announcement
မြေပြိုမှုတွေသာ မကဘဲ နီပေါနိုင်ငံရဲ့ ဟင်မ်လွန် ဟီမဲလ် တောင်ခြေစခန်း တစ်ခုမှာ ဆီးနှင်းတွေ ပြိုကျတာကြောင့်လည်း တောင်တက်သမား ၂ ဦးသေပြီး ၁၄ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
နီပေါအတွက်တော့ လက်ရှိ မြေပြိုမှုနဲ့ ဆီးနှင်းပြိုကျမှုတွေဟာ နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး စာရင်းဝင် သဘာဝ ဘေးဆိုးကြီး တစ်ခုနဲ့ ရင်ဆိုင်အပြီး တစ်လလောက် အကြာမှာ ထပ်မံ ကြုံတွေ့လာရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။
ဩဂုတ် ၂၆ ရက်နေ့တုန်းကလည်း တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နီပေါနိုင်ငံ အစွန်အဖျား ဒေသတချို့မှာ ရေခဲမြစ် ကျိုးပျက်မှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ရုတ်တရက် တောင်ပေါ်ရေကြီးမှုတွေကြောင့် နီပေါမှာ လူပေါင်း ၁၄၀၀ ကျော်သေ၊ ၉၂၀၀ ကျော် ဒဏ်ရာရပြီး ၅၇၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ကိုးကား: CNA



















































