အီရန်က အမေရိကန်ကို ရေဒီယို သတ္တိကြွဗုံး အသုံးပြု တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေကို အထူး အလေးထား အာရုံစိုက်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
CNN သတင်းဌာနဟာ အမေရိကန် အစိုးရနဲ့ ထောက်လှမ်းရေး ဌာနတွေရဲ့ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အီရန်ဟာ အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန် ဒီစီကို dirty bomb တိုက်ခိုက်မှု လုပ်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ dirty bomb ဆိုတာက ရေဒီယို သတ္တိကြွနဲ့ ဓာတုအဆိပ်အတောက် ပစ္စည်းတွေကို သမားရိုးကျ ဖောက်ခွဲရေး ကိရိယာတွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ လက်နက် အမျိုးအစား ဖြစ်ပါတယ်။ နျူကလီးယား ဗုံးတွေလိုမျိုး အရမ်းပြင်းထန်တဲ့ ဖျက်ဆီးအားမျိုး မပိုင်ဆိုင်ပေမယ့် dirty bombဟာ အတိုင်းအတာ တစ်ခုထိ သက်ရောက်မှု ကြီးမားတဲ့ ထိခိုက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆက်စပ်ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ နိုဝင်ဘာ ၁၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ကို ရောက်ရှိနေခဲ့တဲ့ ထရမ့်က အခုသတင်းနဲ့ ပတ်သက်ပြီး အမေရိကန်က လုံးဝ ပေါ့ပေါ့တန်တန် သဘောထားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအကြောင်းကို သေချာ အာရုံစိုက်ထားကြောင်း၊ သတင်းမမှန်ပါစေနဲ့လို့ မျှော်လင့်ပေမယ့် လုံးဝ ပေါ့ဆလို့တော့ မရကြောင်း၊ အီရန် အာဏာပိုင်တွေက စိတ်ရူးပေါက်နေကြတာဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။ သူက အီရန်သာ ဒီလို တိုက်ခိုက်မှုမျိုး တကယ်ပဲ လုပ်ဆောင်လာရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မကြုံဖူးသေးတဲ့ လက်စားချေ တုံ့ပြန်မှုမျိုးနဲ့ ကြုံတွေ့သွားစေမယ်လို့လည်း သတိပေးခဲ့ပါတယ်။

Public Service Announcement
အီရန်ကတော့ ဝါရှင်တန်ဒီစီကို dirty bombနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း အမေရိကန် မီဒီယာ ဖော်ပြမှုတွေဟာ အခြေအမြစ် ကင်းမဲ့လွန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက အမေရိကန်မှာ 9/11 တိုက်ခိုက်မှုကြီး ကြုံတွေ့ခဲ့တဲ့နောက်ပိုင်း dirty bombနဲ့ တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းတွေ အခါအားလျော်စွာ ထွက်ပေါ်ခဲ့ဖူးပေမယ့် လက်တွေ့တော့ တစ်ခါမှ မကြုံခဲ့ပါဘူး။
အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အက်စ်မေးလ် ဘက်ဂ်ဟိုင်းကတော့ dirty bomb တိုက်ခိုက်မှု အကြံအစည်ကိစ္စ သတင်းတွေကို လူမှုကွန်ရက် မီဒီယာ Xကနေ ငြင်းပယ်သွားခဲ့ပါတယ်။ အီရန်အပေါ် မတရား ကျူးကျော်စစ် ဆင်နွှဲခဲ့သူတွေဟာ အခုဆိုရင် သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ မီဒီယာတွေကို လိုသလို အသုံးချပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲမှုတွေ လုပ်ဆောင်နေကြောင်း ဘက်ဂ်ဟိုင်းက ရေးသားထားခဲ့ပါတယ်။
အီရန် လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်၊ အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ဦးဆောင်နေသူလည်းဖြစ်တဲ့ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်ကလည်း CNNရဲ့ သတင်းဖော်ပြချက်ဟာ မဟုတ်တမ်းတရား ကိစ္စတွေကို ရေးကြီးခွင်ကျယ် ရေးသားနေတဲ့ နောက်ထပ် တူညီတဲ့ လုပ်ရပ်တစ်ခု၊ စစ်ပွဲဆာလောင်မှုကို တံဆိပ်ပြောင်းကပ်ထားတဲ့ အားထုတ်မှု တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။
ကိုးကား: BBC

























































