စက်တင်ဘာ ၃၀၊၂၀၂၆။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့က စစ်တပ်ရဲ့ ဗျူဟာစခန်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း လက်နက်ကြီးထုတ်လုပ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Federal Revolution Force(FRF)က ဒီကနေ့ မှတ်တမ်းရုပ်သံနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၇ရက်က KNU ရဲ့ တပ်ဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ FRF လက်နက်ကြီးထုတ်လုပ်ရေးအဖွဲ့ဟာ စစ်တပ်ဗျူဟာကုန်းကို ၆၀ မမ လက်နက်ကြီး အလုံး ၄၅လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
အဲဒီလို တိုက်ခိုက်ရာမှာ စစ်တပ်အဓိကတပ်စွဲထားတဲ့ ဗျူဟာကုန်းအဆောက်အဦးများ ထိမှန်ပြီး စကစအရာရှိများ နေထိုင်ရာအဆောက်အဦးများနဲ့ ဘားတိုက်များကိုလည်း တိကျစွာ ပစ်ခတ် ချေမှုန်းနိုင်ခဲ့ကြောင်း FRFက ပြောပါတယ်။

Public Service Announcement
FRF တပ်ဖွဲ့ဟာ ၆၀ မမ စိန်ပြောင်းဗုံးသီးနဲ့ စိန်ပြောင်းတွေ ကိုယ်တိုင်ထုတ်လုပ်ပြီး မဟာမိတ် KNDOနဲ့ အတူ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာ ရှိပါတယ်။ FRFက ထုတ်လုပ်တဲ့ ၆၀ မမ လက်နက်ကြီးဟာ ကိုက် ၈၀၀ ကနေ ကိုက် ၁၂၀၀ အတွင်း ထိရောက်အောင် ပစ်ခတ်နိုင်ပြီး လက်လုပ်ဗုံးသီးရဲ့ ပေါက်ကွဲအားက ကိုက် ၇၀ ပတ်လည် ကို ထိရောက်မှုရှိတယ်လို့ FRF ရဲဘော် ၁ဦးက ပြေပြထားပါတယ်။
အဲဒီလက်နက်ကို ထုတ်လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ တော်လှန်ရေးမှာပါဝင်နေတဲ့ မဟာမိတ်အဖွဲ့အစည်းကို လက်လှမ်းမီသလောက် မျှဝေဖို့နဲ့ တော်လှန်ရေးအမြန်ပြီးဆုံးစေရေး ပါဝင်ခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။
FRF ပါဝင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးဖော်ဆောင်လျက်ရှိတဲ့ KNU တပ်မဟာ(၅)နယ်မြေမှာ အာဏာမသိမ်းမီက စစ်ကောင်စီတပ်စခန်း ၇၀ ကျော်ရှိခဲ့ပေမဲ့ ၅နှစ်ကျော်အတွင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် တပ်စခန်း ၁၀ခု ဝန်းကျင်သာ ကျန်တော့တာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်တပ်က ဖာပွန်မြို့ကို အင်အားဖြည့်ဖို့ ကြိုးပမ်းနေလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ KNU တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ချက်အရ ဖာပွန်ခရိုင်မှာ စက်တင်ဘာ လဝက်အတွင်း တိုက်ပွဲ အကြိမ် ၅၀နီးပါး ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိ အပါအဝင် ၂၀ ဦးကျော်သေဆုံးကာ လက်နက်တွေသိမ်းရထားတာလည်းရှိခဲ့ပါတယ်။


















































