စက်တင်ဘာ-၃၀၊၂၀၂၆။သုည/People’s Spring
UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ညာဘက်ပခုံးဒဏ်ရာကြောင့် နောက်နှစ်လယ်ပိုင်းမှသာ ပွဲပြန်ထိုးနိုင်ဖွယ်ရှိတယ်လို့ မြန်မာအားကစားမီဒီယာတွေနဲ့ အွန်လိုင်းအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
“ဒဏ်ရာကို MRI စစ်ပြီးပါပြီ။ ရလဒ်ကတော့ မကောင်းပါဘူး။နောက်နှစ် အစောပိုင်းလောက်အထိ ပွဲမထိုးနိုင်သေးဘူး။နှစ်လယ်ပိုင်းလောက်မှသာ ပွဲပြန်ထိုးနိုင်ဖွယ်ရှိပါမယ်” လို့ ဂျိုရှုအာဗန်က အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။
ဒဏ်ရာကြောင့် လတ်တလောမှာ လေ့ကျင့်မှု လုပ်နိုင်ခြင်း မရှိသေးဘဲတစ်လဝန်းကျင်ခန့် အနားယူရမယ်လို့လည်း ဗန်ကဆိုပါတယ်။

Public Service Announcement
ဂျိုရှုအာဗန်ဟာ ညာဘက်ပခုံးအဆစ်အရွတ်ပြဲ (AC Joint Tear)ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ယင်းဒဏ်ရာကို ပန်တိုဂျာနဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ မထိုးသတ်မီ တစ်လခန့်က လေ့ကျင့်ရေးမှာရရှိခဲ့တာဖြစ်ပါတယ်။
ဗန်ဟာ ယင်းဒဏ်ရာကြောင့် လက်သီးထိုးခြင်း၊ နပန်းသတ်ခြင်း တို့ကို မပြုလုပ်နိုင်ခဲ့ဘဲ ပွဲမတိုင်မီနှစ်ပတ်အလိုမှသာလေ့ကျင့်မှုအပြည့်အ၀လုပ်ခဲ့ရကြောင်း ပန်တိုဂျာနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ဗန်က ပြောခဲ့ပါတယ်။
ဒဏ်ရာရှိနေပေမယ့်လည်း ပွဲကိုမရွှေ့ဆိုင်းလိုတာကြောင့် ပန်တိုဂျာနဲ့ ထိုးသတ်ပွဲပြီးမှသာ MRI ရိုက် စစ်ဆေးမှုကို လုပ်ခဲ့တာလို့ ဗန်က ဆိုပါတယ်။
ယင်းပွဲမှာ ဗန်ဟာပန်တိုဂျာကို ငါးချီထိုးသတ်ကာဒိုင်အားလုံးရဲ့အမှတ်ပေးစနစ်နဲ့ အပြတ်အသတ် အနိုင်ရပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ချန်ပီယံခါးပတ်ကာကွယ်ပွဲအပြီးမှာတော့ ဗန်ရဲ့ ခန္ဓာကိုယ် နာလန်ပြန်ထူနိုင်ဖို့နဲ့ ဒဏ်ရာပြန်ကောင်းဖို့အတွက် ကာယကုထုံးလေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ပေးထားတယ်လို့ UFC Performance Institute ရဲ့ကာယကုထုံး ဆရာဝန် ဒေါက်တာဟယ်သာလင်ဒန်ကလည်း ဖော်ပြထားပါတယ်။
“ဗန်ရဲ့ နည်းပြအဖွဲ့နဲ့ ဒဏ်ရာဆက်ကုနိုင်မယ့် ကာယကုထုံးလေ့ကျင့်ခန်းအစီအစဉ်ဆွဲပေးလိုက်တယ်။ကိုယ်ခံပညာ အားကစားနည်းသမားအတွက်ဒီလေ့ကျင့်ခန်းတွေက အကိုက်ညီဆုံးဖြစ်အောင်ကုသပေးနိုင်ပါတယ်။အဝေးကနေ ဆက်ကုပေးနိုင်မယ့် ဒဏ်ရာကုထုံး အစီအစဉ် အပြည့်အစုံလည်း ပေးထားတယ်။ သူ (ဗန်) အမြန်ဆုံး လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ အကောင်းဆုံး လုပ်ပေးသွားပါမယ်” လို့ ဒေါက်တာဟယ်သာလင်ဒန်က ဆိုပါတယ်။
ဗန်ဟာ UFC မှာ ၂၀၂၃ နှစ်လယ်မှ လက်ရှိ ၂၀၂၆ ခုနှစ်အထိ (၃) နှစ်အတွင်း ၁၂ ပွဲအထိ ထိုးသတ်ခဲ့တဲ့အတွက် ပျမ်းမျှ တစ်နှစ်လျှင် သုံးပွဲခန့် ထိုးသတ်နိုင်တဲ့ ဖိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဗန်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ပန်တိုဂျာကို အနိုင်ယူခဲ့တဲ့အတွက် UFC မှာ ၈ ပွဲဆက် အနိုင်ရပြီး ဖလိုင်းဝိတ်တန်းရဲ့ အချိန်အကြာဆုံး နိုင်ပွဲရရှိမှုမှာလည်း အဆင့် ၂ နေရာကို ရောက်ရှိလာပါတယ်။
ဗန်ဟာ UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံး UFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။
စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်တဲ့ UFC ရဲ့ ဝိတ်တန်းစုံ အကောင်းဆုံး အမျိုးသားဖိုက်တာ အဆင့်သတ်မှတ်ချက်မှာလည်း ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှုအာဗန်က အဆင့် ၅ ဆင့် ခုန်တက်ပြီး နံပတ် ၆ နေရာကို ရောက်ရှိလာပါတယ်။
အသက် ၂၄နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့မှတ်တမ်းရရှိထားပါတယ်။
ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာလည်း မြန်မာအလံခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။


















































