ဗြိတိန် သုတေသန လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင် ထောက်ပံ့ပြီး သူလျှိုလုပ်ငန်းတွေအတွက် အသုံးချနေနိုင်ကြောင်း ဗြိတိန် ထောက်လှမ်းရေးဌာန MI5က သတိပေး ပြောကြားလိုက်ပါတယ်။
ဗြိတိန်ရဲ့ ပြည်တွင်း လုံခြုံရေးကို အဓိက တာဝန်ယူတဲ့ ထောက်လှမ်းရေး ဌာနရဲ့ အဆိုအရ ဟန်ပြကုမ္ပဏီ တစ်ခုဟာ ဗြိတိန်က တက္ကသိုလ်တွေ၊ သုတေသနဌာနတွေကို ငွေကြေးကူညီ ထောက်ပံ့နေပေမယ့် လက်တွေ့မှာတော့ သူလျှိုလုပ်ငန်းအတွက် အသုံးချတဲ့ လှုပ်ရှားမှုမျိုးတွေ လုပ်ဆောင်နေနိုင်တယ်လို့ သိရပါတယ်။
တရုတ် အထွေထွေ နည်းပညာ သုတေသန အင်စတီကျု (CGTRI)နဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ တက္ကသိုလ်တွေ၊ ပညာရေးနဲ့ သုတေသန ဌာနတွေရဲ့ ပညာရှင်ပေါင်း ၁၀၀ ကျော်လောက်ဟာ နောင်တစ်ချိန်မှာ ပြည်ပ နိုင်ငံတစ်ခုကို တရားမဝင် အားပေးကူညီမှုဆိုင်ရာ ရာဇဝတ်ကြောင်း စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်လာရနိုင်ကြောင်း MI5က သတိပေးထားပါတယ်။
ဗြိတိန် အစိုးရရဲ့ လုံခြုံရေး ဝန်ကြီး ဒန်ယားဗစ်က MI5ရဲ့ သတိပေးချက်ဟာ တရုတ် ထောက်လှမ်းရေး အေဂျင်စီတွေက ဗြိတိန်ရဲ့ ပညာရေးဆိုင်ရာ သုတေသန ဌာနတွေကို သူလျှိုလုပ်ငန်းအတွက် အသုံးချနေတဲ့ အဓိပ္ပါယ်ဖြစ်ပြီး ဗြိတိန်ရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ လန်ဒန်မှာရှိတဲ့ တရုတ်သံရုံး ပြောရေးဆိုခွင့်ရ အရာရှိကတော့ အဲဒီ စွပ်စွဲချက်တွေဟာ စိတ်ကူးယဉ်ဆန်ပြီး လုံးဝဥဿုံ လုပ်ကြံ ဖန်တီးမှု သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဗြိတိန်က အဆင့်မြင့် ပညာရေးဌာန ၁၄၀ ကျော် စုစည်းပါဝင်တဲ့ Universities UK အဖွဲ့က အခု သတိပေးချက်ကို ပြန်လည် သုံးသပ်နေကြောင်း၊ လက်ရှိနဲ့ အနာဂတ် ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး တက္ကသိုလ်တွေကို အကြံဉာဏ်တွေ ပံ့ပိုးပေးဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဇွန်လတုန်းကလည်း MI5ဟာ ကနေဒါ၊ အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန် ထောက်လှမ်းရေး ဌာနတွေနဲ့အတူ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ တရုတ် စစ်ထောက်လှမ်းရေးဟာ အသက်မွေးဝမ်းကျောင်းမှု ပရော်ဖက်ရှင်နယ် ကွန်ရက်တွေ၊ အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး ပလက်ဖောင်းတွေကို သူလျှိုလုပ်ငန်းတွေအတွက် အသုံးချလာနေကြောင်း သတိပေးထားဖူးပါတယ်။
တရုတ် အထွေထွေ နည်းပညာ အကယ်ဒမီ (CAGT)ဆိုတဲ့ နာမည်နဲ့လည်း ရည်ညွှန်းလေ့ရှိတဲ့ CGTRIဟာ တရုတ်ရဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနနဲ့ အရမ်း ခိုင်မာနီးစပ်တဲ့ ဆက်နွှယ်ပတ်သက်မှုတွေ ရှိနေတယ်လို့ MI5က ဆိုပါတယ်။
အဲဒီ အဖွဲ့ရဲ့ အဓိက ရည်မှန်းချက်ဟာ ဗြိတိန်ရဲ့ သုတေသနနဲ့ ပညာရေး ဌာနတွေမှာ ရင်းနှီးထည့်ဝင်ပြီး တရုတ်ရဲ့ ထောက်လှမ်းရေး ကဏ္ဍမှာ အဆင့်မြင့် နည်းပညာတွေ တိုးချဲ့ ပိုင်ဆိုင်လာစေဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုအခါမှာတော့ ဗြိတိန်နဲ့ ဆက်နွှယ်ပတ်သက်တဲ့ ပညာရှင် ၁၀၀ လောက်ဟာ CGTRIနဲ့ တွဲအလုပ်လုပ်ရင်း တရုတ် ထောက်လှမ်းရေးကို ပံ့ပိုးပေးနေမိလျက်သား ဖြစ်နေကြောင်းလည်း MI5က သတိပေးခဲ့ပါတယ်။ ကိစ္စတော်တော်များများမှာ ပညာရှင်တွေက နောက်ကွယ်မှာ တရုတ် ထောက်လှမ်းရေး ပတ်သက်နေနိုင်ကြောင်း မသိကြသလို တချို့အခြေအနေတွေမှာတော့ ပါဝင် အလုပ်လုပ်ပေးနေသူတွေ ကိုယ်တိုင်က ရိပ်မိထားနိုင်တယ်လို့ MI5က ယူဆထားပါတယ်။
ကိုးကား: BBC



















































