ဗြိတိန်နိုင်ငံက ဖဲဖို့ဒ်လေတပ်စခန်းမှာ ဖြန့်ကျက်ထားတဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ အားလုံးကို အမေရိကန်က ပြန်လည် ရုပ်သိမ်းထားကြောင်း သိရပါတယ်။
ဂလူဆက်စတာရှိုင်းယားမှာရှိတဲ့ ဖဲဖို့ဒ်လေတပ်စခန်းကို ဦးတည်ပြီး တိုက်ခိုက်ဖို့ ကြံရွယ်ထားတယ်ဆိုတဲ့ ကိစ္စတစ်ခုကို ဗြိတိန်ရဲ့ အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့က တာဝန်ယူ စစ်ဆေးနေချိန်မှာ အမေရိကန်က B-1 Lancer တာဝေး ဗုံးကြဲ လေယာဉ်ကြီးတွေကို ပြန်လည် ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဟာ အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေရဲ့ အစိတ်အပိုင်းအဖြစ် ဗြိတိန်မှာ အဲဒီ ဗုံးကြဲလေယာဉ်ကြီးတွေကို ဖြန့်ကျက်ထားခဲ့တာပါ။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း ဖဲဖို့ဒ် အခြေစိုက် ဗုံးကြဲလေယာဉ်ကြီး အားလုံးကို အမေရိကန်မှာရှိတဲ့ သက်ဆိုင်ရာ အခြေစိုက်စခန်း အသီးသီးဆီ ပြန်လည် ခေါ်ယူထားပြီလို့ အတည်ပြု ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဗုံးကြဲလေယာဉ်တွေကို ရုပ်သိမ်းသွားသလဲ ဆိုတာကိုတော့ အမေရိကန်က အကြောင်းပြချက် မပေးခဲ့ပါဘူး။
စက်တင်ဘာ ၂၇ ရက်နေ့တုန်း ဖဲဖို့ဒ်မှာ အကြီးစား စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က ကြေညာခဲ့သလို စုစုပေါင်း လူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ မျက်နှာဖုံး စွပ်ထားသူ တစ်စုက အလုံပိတ် ဗင်ကားတွေကို မောင်းနှင်ပြီး မသင်္ကာစရာ လှုပ်ရှားနေတာကို တာဝန်သိ ပြည်သူတစ်ယောက်က သတင်းပေး တိုင်ကြားခဲ့တာကြောင့် ရဲတွေက သံသယရှိသူတွေကို ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အသက် ၂၃ နှစ်နဲ့ ၂၅ နှစ်ကြား ဗြိတိန် အမျိုးသား ၅ ဦးဟာ အဖမ်းခံရပြီး နောက်တစ်နေ့ မနက်အစောပိုင်းမှာတော့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ပါဝင်တဲ့ အာမခံနဲ့ ပြန်လွတ်လာပါတယ်။ ဖြစ်စဉ်နဲ့ ဆက်စပ်လို့ ဆဋ္ဌမမြောက်အဖြစ် ဗြိတိန်-အီရန် အနွယ်ဝင် အမျိုးသား နောက်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပေမယ့် အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။
ဖဲဖို့ဒ်ကနေ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ပြန်လည် ရုပ်သိမ်းသွားတာဟာ နိုင်ငံရေး ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲ စစ်ရေး ဆုံးဖြတ်ချက် တစ်ခုသာဖြစ်တယ်လို့ ဗြိတိန် အစိုးရ အရာရှိ တချို့က မှတ်ချက်ပေးပါတယ်။ ဒါပေမဲ့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အခုကိစ္စအပေါ် ဘာမှ မရှင်းလင်းခဲ့ပါဘူး။
လေတပ်စခန်းနားမှာ မသင်္ကာစရာ လူ ၅ ယောက်ကို ဖမ်းမိပြီး ရက်ပိုင်းအကြာမှာ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်းက ဒီကိစ္စရဲ့ နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင်ပတ်သက်နိုင်ကြောင်း အားကောင်းတဲ့ အထောက်အထားတချို့ တွေ့ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူက အသေးစိတ်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။ အီရန်ကတော့ ဖဲဖို့ဒ်ကိစ္စမှာ ဆက်စပ် ပါဝင်နိုင်ကြောင်း ခန့်မှန်းချက်တွေကို အပြင်းအထန် ငြင်းဆိုထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သံသယရှိသူတွေကို အာမခံနဲ့ ပြန်လွှတ်ထားတဲ့ ဗြိတိန် အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် အံ့ဩမိကြောင်း မှတ်ချက်ပေးထားဖူးပြီး အမေရိကန်မှာဆိုရင် အဲဒီလို ပြန်လွှတ်ပေးလောက်မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ဖဲဖို့ဒ် လေတပ်စခန်း ကိစ္စ စုံစမ်းစစ်ဆေးမှုတွေမှာ အရမ်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့တော့ ထရမ့်က အတည်ပြုထားပါတယ်။
ကိုးကား: CNN



















































