အောက်တိုဘာ-၅၊၂၀၂၆။ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။
အဓမ္မနဲ့တရားမျှတမှုတို့စီးချင်းထိုးနေတဲ့ တိုင်းပြည်ရဲ့ယခုအချိုးအကွေ့မှာPDF တပ်မတော်ရဲ့သံန္နိဋ္ဌာန်ကိုအခုလိုအသိပေးဖော်ပြခဲ့ပြီးဆောင်ရွက်နေတဲ့မဏ္ဍိုင်သုံးရပ်အကြောင်းရှင်းပြခဲ့တာပါ။
မဏ္ဍိုင်သုံးရပ်ထဲကအနာဂတ်SSR(လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေး)မှာပါဝင်ရေး ဆိုတာနဲ့ပတ်သက်ပြီးPDFရဲထုတ်ပြန်ချက်မှာအခုလိုဖော်ပြခဲ့ပါတယ်။

Public Service Announcement
“တော်လှန်ရေးအလွန်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တွင်ပြည်သူကချစ်ခင်လေးစားပြီး၊ပြည်သူ့အစိုးရ၏ထိန်းချုပ်မှုအောက်၌အမှန်တကယ် ပြည်သူကိုကာကွယ်သော စံပြ “ဖက်ဒရယ်ပြည်သူ့တပ်မတော်” အဖြစ်အရည်အသွေးပြည့်ဝစွာပြုပြင်ပြောင်းလဲပါဝင်မည်ဖြစ်သည်” လို့ ရေးသားထားပါတယ်။
ဒါ့အပြင်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ပတ်သက်ပြီးစနစ်ဟောင်း၊အာဏာရှင်ဟောင်း နဲ့ တိုင်းပြည်ကိုချောက်ထဲဆွဲချခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အမြစ်များကို အပြီးတိုငအမြစ်ဖြတ်သုတ်သင်မယ်လို့ဖော်ပြထားပါတယ်။
“မျိုးဆက်သစ်တို့၏အနာဂတ်တွင်စစ်အာဏာရှင်စနစ် လုံးဝမရှိစေရေးသည် ငါတို့၏ ပထမဆုံးနှင့်အဓိကကျသောသန္နိဋ္ဌာန်ဖြစ်သည်” လို့ PDF က အသိပေးပါတယ်။
ဒါ့အပြင် ပြည်သူလူထုကိုကာကွယ်ရေးနဲ့ ပတ်သက်ပြီးပြည်သူထံမှပေါက်ဖွားလာသော တပ်မတော်ဖြစ်သည်နဲ့အမျှ ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ လွတ်လပ်ခွင့်ကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်မယ်လို့ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ လက်ရှိမှာ ကချင် KIO ၊ ကရင် KNU၊ ကရင်နီ KNPP၊ ချင်း CNF နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲ့စည်းပြီး စစ်ကောင်စီကို စစ်ရေးနိုင်ငံရေးအပါအဝင်ဘက်ပေါင်းစုံက တိုက်ခိုက်ရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။



















































