အောက်တိုဘာ ၇၊ ၂၀၂၆။မီးအိမ်/People’s Spring
ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဘေးခွေးများထိန်းချုပ်ရေးနဲ့ ပြည်သူ့အကူအညီပေးရေးအသင်း(YSMPA) ဆိုပြီးစတင်ဖွဲ့စည်းတဲ့အသင်းရဲ့ အစည်းအဝေးကို အောက်တိုဘာ ၄ရက်ကလုပ်ခဲ့တာလို့ ဆိုပါတယ်။
လမ်းဘေးခွေးတွေကို အဆိပ်ချရှင်းလင်းတာမျိုးမဖြစ်ရအောင် YSMPA အသင်းဖွဲ့ရတာလို့ လက်ရှိယာယီဥက္ကဌတာဝန်ယူထားတဲ့ ဒေါ်ဝေဝေမိုးကအသိ ပေးပြောဆိုထားပါတယ်။

Public Service Announcement
“လမ်းဘေးတိရိစ္ဆာန်လေးတွေမရှိစေချင်ရင် ဒီအဖွဲ့ကိုပံ့ပိုးကြပါ။ အဆိပ်ချရှင်းလင်းတာမလိုလားရင် ဒီအဖွဲ့ကိုထောက်ခံပူးပေါင်းပေးကြပါ “လို့ ဒေါ်ဝေဝေမိုးကသူ့ရဲ့ဖေ့ဘွက်ခ်လူမူကွန်ရက်အကောင့်မှာ ရေးသားထားတာဖြစ်ပါတယ်။
အဲဒီ YSMPA အသင်းက လမ်းဘေးခွေးတွေသား ပေါက်မျိုးပွားတာကို လူသားဆန်တဲ့နည်းသုံးပြီးထိန်း ချုပ်တာ၊ လမ်းဘေးခွေးကိုက်ခံရတဲ့နစ်နာသူပြည်သူတွေကို ဆေးကုသဖို့နဲ့သွားလာစရိတ်ကူညီထောက်ပံ့တာ၊ အများပြည်သူကိုအန္တရာယ်ပြုနိုင်တဲ့ ဆိုးသွမ်းခွေးတွေကိုခွေးဂေဟာတွေဆီ ရွှေ့ပြောင်းပို့ပေးတာ၊ အဆိပ်ချရှင်းလင်းတာကိုကာကွယ်ပြီး ခွေးရူးရောဂါကင်းစင်တဲ့လူအဖွဲ့အစည်းဖန်တီးဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
လမ်းဘေးခွေးကိုက်ခံရသူကို ဘယ်လိုကူညီထောက်ပံ့မယ်ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်အသိပေးထုတ်ပြန်တာမရှိသေးပဲ လက်ရှိမှာ အမာခံရန်ပုံငွေထည့်ဝင်မဲ့သူတွေရှိကာ သုံးဦးရဲ့ ဘဏ်အကောင့်ဖွင့်ပြီးမှထည့်ဝင်ငွေလက်ခံစီမံမှာလို့ YSMPAယာယီဥက္ကဌက ပြောပါတယ်။
ရန်ကုန်မြို့မှာ လမ်းဘေးခွေးအန္တရာယ်မှာကြီးမားတဲ့စိန်ခေါ်မူပြဿနာတခုဖြစ်နေပြီး တိရိစ္ဆာန်ချစ်သူတွေ အစွန်းရောက်အကာအကွယ်ပေးတာထက် အခုလိုအသင်းအဖွဲ့နဲ့တထောင့်တနေရာက ကူညီဖြေရှင်းတဲ့လုပ် ရပ်ကိုလက်ခံကြိုဆိုတယ်လို့ မြို့နယ်စည်ပင်ဥက္ကဌဟောင်းတစ်ဦးက ပြောပါတယ်။
” ပါးစပ်ကချစ်ပြနေတာထက်၊ ဒီလိုပါဝင်တာကလူအ ဖွဲ့အစည်းအတွက်လည်း အထောက်အပံ့ဖြစ်တယ်။ အဲဒီလိုအသင်းအဖွဲ့ကို အောင်မြင်စေချင်တယ် ” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း လမ်းဘေးခွေးပေါက်ဖွားနှုန်းမြင့်တက်ခဲ့ကာ လမ်းသွား၊လမ်းလာတွေကိုရန်ပြုတာ၊ လမ်းမှာ ညအိပ်ရပ်ထားတဲ့ကားတွေအပါအဝင် လူတွေရဲ့အသုံးဆောင်ပစ္စည်းတွေထိခိုက်ပျက်စီးရတာ၊ လမ်းပေါ်အညစ်အကြေးစွန့်ပစ်ပေပွတာစတဲ့ ဖြစ်ရပ်တွေဆိုးရွားစွာရှိနေတာလို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
အခုလို အာဏာသိမ်းကာလမတိုင်ခင်မှာတင် လမ်းဘေးခွေးကိုက်ခံရမူနဲ့ ခွေးကိုက်ခံရလို့သေဆုံးသူအ များဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။



















































