Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်လေယာဉ် တစ်ကိုယ်တော် ပျံသန်းခဲ့တဲ့ မိဖုရားကြီးအကြောင်း ထိုင်းပြည်သူတွေကြား လူပြောများနေ

ဘုရင့်မိဖုရားကြီးက လေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးကို တစ်ကိုယ်တော် မောင်းနှင် ပျံသန်းပြခဲ့တဲ့ ကိစ္စဟာ ထိုင်းပြည်သူတွေကြားမှာ လူပြောအများဆုံး သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။

ဓာတ်ပုံ - Royal Thai Air Force

ဘုရင့်မိဖုရားကြီးက လေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးကို တစ်ကိုယ်တော် မောင်းနှင် ပျံသန်းပြခဲ့တဲ့ ကိစ္စဟာ ထိုင်းပြည်သူတွေကြားမှာ လူပြောအများဆုံး သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။

မိဖုရားကြီး စုသီဒါဟာ အောက်တိုဘာ ၈ ရက်နေ့တုန်းက ခင်ပွန်းဖြစ်သူ ထိုင်းဘုရင် မဟာဝဂျီရာ လောင်ကွန်းရဲ့ ရှေ့မှောက်မှာ ဆွီဒင်လုပ် Gripen တိုက်လေယာဉ် တစ်စီးကို တစ်ကိုယ်တော် ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဘုရင်က သူ့မိဖုရားရဲ့ အောင်မြင်မှု အထိမ်းအမှတ်သစ်ကို မျက်မြင်ကိုယ်တွေ့ စောင့်ကြည့်ခဲ့သလို ပျံသန်းမှု ပြီးဆုံးချိန်မှာလည်း ဂုဏ်ပြုပန်းစည်းနဲ့ Gripen Order Golden Patch တံဆိပ်တွေကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီ တံဆိပ်ကို Gripen တိုက်လေယာဉ်တွေကို တစ်ကိုယ်တော် ပျံသန်းဖူးသူတွေ အတွက်သာ ပေးအပ်တာ ဖြစ်ပါတယ်။

မိဖုရားကြီး စုသီဒါဟာ လေယာဉ်ကို ပျံမတက်ခင် ကိုယ်တိုင် စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ဆူရတ်ဌာနီမှာရှိတဲ့ လေတပ်စခန်းကနေ Gripen တစ်စီးကို မောင်းနှင်ထွက်ခွာခဲ့ပါတယ်။ အဲဒီနောက် ကြိုတင် သတ်မှတ်ထားတဲ့ လေ့ကျင့်ပျံသန်းမှု လမ်းကြောင်းအတိုင်း အမှားအယွင်းမရှိ မောင်းနှင်ခဲ့ပြီး လေယာဉ်ကို သက်တောင့်သက်သာ ပြန်လည်ဆင်းသက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းပြည်သူတွေက ပျံသန်းမှုမှတ်တမ်း ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ် မျှဝေရင်း မိဖုရားကြီးရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သက်လို့ ချီးကျူး ပြောဆိုနေပါတယ်။ စုသီဒါဟာ လက်ရှိ ထီးနန်းစိုးစံနေတဲ့ ဘုရင်တစ်ပါးရဲ့ မိဖုရားကြီး အနေနဲ့ တိုက်ပွဲဝင်အဆင့် စူပါဆောနစ် တိုက်လေယာဉ်ကို ပျံသန်းမောင်းနှင်တဲ့ ပထမဆုံး ပုဂ္ဂိုလ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ တိုက်လေယာဉ် ပထမဆုံး မောင်းဖူးတဲ့ တော်ဝင်မိသားစုဝင် အမျိုးသမီးတော့ မဟုတ်ပါဘူး။ ဂျော်ဒန်ဘုရင် ဒုတိယ အက်ဘ်ဒူလာရဲ့ သမီးတော် ဆာလ်မာဟာ ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံရဲ့ လေတပ်မှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး ဖြစ်လာပြီး စစ်သုံးတိုက်လေယာဉ် အမျိုးအစား တချို့ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တတ်ပါတယ်။ စပိန်ရဲ့ နန်းမွေခံ မင်းသမီး လီယွန်နောဟာ F-18နဲ့ Eurofighterတို့လို အဆင့်မြင့် တိုက်လေယာဉ်တွေကို တစ်ကိုယ်တောင် မောင်းနှင်နိုင်အောင် လေ့ကျင့်သင်ယူထားပါတယ်။ ဒါပေမဲ့ ဘုရင်တစ်ပါးရဲ့ မိဖုရားအဖြစ် တိုက်လေယာဉ် တက်မောင်းတာကတော့ စုသီဒါ တစ်ဦးပဲ ရှိပါတယ်။

စုသီဒါဟာ Boeing 737 ခရီးသည်တင် လေယာဉ်တွေကို ကိုယ်တိုင်မောင်းနှင်ခဲ့တဲ့ အတွေ့အကြုံတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိထားသူပါ။ သူဟာ ထိုင်းဘုရင်ရဲ့ ခရီးစဉ်တွေမှာ တွဲဖက် လေယာဉ်မှူး အနေနဲ့လည်း တာဝန်ယူလေ့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အသံထက် ပိုမြန်အောင် ပျံသန်းနိုင်တဲ့ Gripenကို ပျံသန်းဖို့ အတွက်တော့ သူဟာ သီးခြား မွမ်းမံသင်တန်းတွေ တက်ခဲ့ရပါတယ်။ မိဖုရားဟာ Gripen JAS 39D နှစ်ယောက်စီး လေယာဉ်မှာ သင်တန်းမှူး တစ်ဦးနဲ့ တွဲဖက်ပြီး ၁၀ နာရီကျော် လေ့ကျင့်ပျံသန်းဖူးသလို ကွန်ပျူတာ ပုံရိပ်ယောင်နဲ့ ပျံသန်းမှုတွေကိုလည်း အကြိမ်ကြိမ် လေ့ကျင့်ခဲ့ပါတယ်။

Gripenကို တစ်ကိုယ်တော် ပျံသန်းပြီးချိန်မှာတော့ သူ့ရဲ့ လေယာဉ်အမျိုးမျိုးနဲ့ လေထဲမှာ ပျံသန်းမှု စုစုပေါင်းစံချိန် မှတ်တမ်းဟာ နာရီ ၁၂၀၀ နီးပါးထိ ရှိလာပြီ ဖြစ်ပါတယ်။

Gripen တိုက်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ဖို့ ဆုံးဖြတ်ပြီး လေ့ကျင့်ပျံသန်းမှုတွေ စတင်ချိန် ကတည်းက စုသီဒါရဲ့ လုပ်ဆောင်မှုတွေကို စစ်ရေးသုတေသီတွေက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ သူဟာ ဆူရတ်ဌာနီက လေတပ်စခန်းမှာ ဩဂုတ် ၂၀ ကနေ စက်တင်ဘာ ၄ ရက်ထိတစ်ကြိမ်၊ စက်တင်ဘာ ၂၅ ရက်နေ့ကနေ အောက်တိုဘာ ၈ ရက်နေ့ထိ တစ်ကြိမ် သွားရောက် နေထိုင်ပြီး လိုအပ်တဲ့ လေ့ကျင့်မှုတွေကို စံနှုန်းပြည့်မီအောင် လုပ်ဆောင်ခဲ့ပါတယ်။

စုသီဒါရဲ့ လေယာဉ်မောင်း စွမ်းရည်ဟာ အရင်ကတည်းက ထိုင်းပြည်သူတွေ အထင်တကြီး ချီးကျူးတဲ့ အရည်အချင်းတစ်ခု ဖြစ်ခဲ့ပြီး အခုတော့ မိဖုရားကြီးအပေါ် ပိုပြီး လေးစားဂုဏ်ယူလာကြပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာလည်း တိုက်လေယာဉ်ကို တစ်ကိုယ်တော် ပျံသန်းတဲ့ ပထမဆုံး မိဖုရားကြီးဆိုတဲ့ အမွှန်းတင် စကားတွေ ပျံ့နှံ့နေပါတယ်။

ထိုင်းလေတပ်မှာ Gripen JAS 39C တစ်ယောက်စီး တိုက်လေယာဉ် ၇ စီးနဲ့ JAS 39D နှစ်ယောက်စီး တိုက်လေယာဉ် ၄ စီး ရှိနေပါတယ်။ ဒါ့အပြင် အဲဒီထက် ပိုပြီး နည်းပညာမြင့်တဲ့ Gripen Eနဲ့ Fစီးရီးထဲက စုစုပေါင်း ၁၂ စီးကို ဖြည့်တင်းဝယ်ယူဖို့လည်း စီစဉ်ထားပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

လုပ်သား​တွေအ​ပေါ်အမြတ်ထုတ်​နေတဲ့ပွဲစားတွေကိုဖမ်းဆီးအ​ရေးယူ​ပေးဖို့​တောင်းဆို

နိုင်ငံတကာ

ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ စက်တင်ဘာ လလယ်ကစလို့ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်လာသလို အာဏာပိုင်တွေက နောက်ထပ်လည်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်လာနိုင်သေးကြောင်း သတိပေးထားပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။