အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံအတွက် ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက် အစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ အမေရိကန်ဟာ ယူအေအီးအတွက် ပစ်မှတ်ကို တိတိကျကျ ရှာဖွေ လမ်းညွှန်ပေးမယ့် ဒုံးကျည် လမ်းညွှန်စနစ် ၁ သောင်းကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
Advanced Precision Kill Weapon Systemလို့ ခေါ်ဝေါ်တဲ့ အဲဒီနည်းပညာကို ဖြည့်တင်းပေးလိုက်တာဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း အဓိက မဟာမိတ်နိုင်ငံ တစ်ခုရဲ့ စစ်ဆင်ရေး စွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ လက်နက် အစိတ်အပိုင်းတွေဟာ ပဲ့ထိန်းနည်းပညာ မပါဝင်တဲ့ ဒုံးကျည်တွေကို အရမ်း ထိရောက်တိကျတဲ့ ပစ်မှတ် ချိန်ရွယ်နိုင်စွမ်းမျိုး ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။

Public Service Announcement
အခု လက်နက် အရောင်းအဝယ်ဟာ အမေရိကန်က အဓိက ကာကွယ်ရေး မိတ်ဖက် နိုင်ငံတွေရဲ့ လုံခြုံရေးကို အားပေး မြှင့်တင်မယ်ဆိုတဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ကိုက်ညီသလို အမေရိကန်နဲ့ ယူအေအီးကြား ပူးပေါင်းစစ်ဆင်ရေး စွမ်းဆောင်ရည်ကိုလည်း အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူအေအီး တခြား အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတချို့ဟာ အီရန်စစ်ပွဲ ကာလမှာ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်မှုဒဏ်ကို ကြုံတွေ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သက်ဆိုင်ရာ နိုင်ငံတွေဟာ ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်ဖို့ ကိုယ်စီ အားထုတ်လာကြပါတယ်။
အစောပိုင်းမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ ကူဝိတ်အတွက် Patriot ဒုံးခွင်းဒုံး စနစ်တွေ ပြန်လည် ပြင်ဆင်နိုင်ရေး လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဒေါ်လာ သန်း ၄၀၀ ဖိုး ရောင်းချပေးဖို့လည်း သဘောတူခဲ့ပါတယ်။ Patriotတွေဟာ အီရန်ရဲ့ လေကြောင်းကနေ ခြိမ်းခြောက်မှုတွေကို တန်ပြန် တားဆီးရာမှာ အရေးအပါဆုံး ကာကွယ်ရေးစနစ် တစ်ခု ဖြစ်ခဲ့ပါတယ်။
ကိုးကား: AFP



















































