Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ အမြန်ဆုံး ဒရုန်းအသစ်ကို ယူကရိန်း လေကြောင်းကာကွယ်ရေး စက်သေနတ်က ပထမဆုံးအကြိမ် ပစ်ချ

ရုရှားရဲ့ မြန်နှုန်းအမြင့်ဆုံး ပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းကို ယူကရိန်းရဲ့ မြေပြင်အခြေစိုက် အလိုအလျောက် စနစ်သုံး လေကြောင်းကာကွယ်ရေး စက်သေနတ်က ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - United24

ရုရှားရဲ့ မြန်နှုန်းအမြင့်ဆုံး ပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းကို ယူကရိန်းရဲ့ မြေပြင်အခြေစိုက် အလိုအလျောက် စနစ်သုံး လေကြောင်းကာကွယ်ရေး စက်သေနတ်က ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

ရုရှားရဲ့ Geran-5 အမျိုးအစားသစ် ဒရုန်းတွေဟာ ဂျက်အင်ဂျင် တပ်ဆင်ထားပြီး တစ်နာရီကို ကီလိုမီတာ ၆၀၀ မြန်နှုန်းလောက်နဲ့ ပျံသန်းနိုင်တာကြောင့် မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေး စက်သေနတ်တွေနဲ့ ပစ်ချလို့ မရနိုင်လောက်အောင် မြန်ဆန်နေပါတယ်။ တစ်နည်းအားဖြင့် အဲဒီ ဒရုန်းတွေကို စျေးကြီးတဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေနဲ့ပဲ ဟန့်တားနိုင်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။

Geran-5တွေကို ရုရှားက စစ်မြေပြင်မှာ စတင် အသုံးပြုလာချိန် ကတည်းက ယူကရိန်းဟာ ရုရှားဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်စွမ်း သိသိသာသာ အားလျော့သွားပါတယ်။ အဲဒီ ဒရုန်းတွေရဲ့ တည်ဆောက်ပုံဟာ အရင်မျိုးဆက် ဂျက်အင်ဂျင်တပ် Geran-3၊ Geran-4တွေနဲ့ လုံးဝ ကွာခြားသွားပြီး ခရုစ်ဒုံးကျည် တစ်စီးနဲ့ ပိုပြီး ဆင်တာလူပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှာတော့ ယူကရိန်း လေတပ်က အဲဒီဒရုန်းကို ဉာဏ်ရည်တု (AI) နည်းပညာ အထောက်အပံ့ ပါဝင်ပြီး အလိုအလျောက် ချိန်ရွယ် ပစ်ခတ်တဲ့ လေကြောင်းကာကွယ်ရေး စက်သေနတ်နဲ့ ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ ရုရှားရဲ့ မျိုးဆက်သစ် မြန်နှုန်းမြင့် ဖောက်ခွဲရေး ဒရုန်းတွေကို တားဆီးဖို့ ရုန်းကန်နေရတဲ့ ယူကရိန်းအတွက် အားတက်စရာ အခြေအနေကောင်းတစ်ခု ဖြစ်လာပါတယ်။

လေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ယူရီ အင်းဟတ်က AIကို အမှီပြုပြီး ဖန်တီးထားတဲ့ ဆန်းသစ်တဲ့ နည်းပညာတွေကြောင့် အဲဒီ လက်နက်စနစ်ရဲ့ သေနတ်ပြောင်းတွေဟာ Geran-5 တစ်စီးကို အောင်အောင်မြင်မြင် ကြားဖြတ် ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီ စက်သေနတ်တွေဟာ ပစ်ချနိုင်တဲ့ အကွာအဝေး ကန့်သတ်ချက်တော့ ရှိနေဆဲပါ။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အခုအခါ အဲဒီ အလိုအလျောက် ချိန်ရွယ်ပစ်ခတ်တဲ့ စက်သေနတ် တစ်ဒါဇင်ကျော်လောက်ကို ကိယက်ဗ်မြို့တော်ရဲ့ အရေးပါတဲ့ နေရာတချို့မှာ ဖြန့်ကျက်ထားရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီထဲက တချို့ဟာ မြို့ထဲက တံတားတွေမှာ တပ်ဆင်ထားမယ်လို့ ယုံကြည်ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရုရှားဟာ ကိယက်ဗ်က တံတားတွေ အပါအဝင် အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ဒရုန်းတွေ အသုံးပြု တိုက်ခိုက်မှုတွေကို သိသိသာသာ အရှိန်မြှင့်တင်လာခဲ့ပါတယ်။

ယူကရိန်းက Geran-5ကို ပစ်ချခဲ့တဲ့ လေကြောင်းကာကွယ်ရေး စက်သေနတ် အမျိုးအစားကိုတော့ တိတိကျကျ ထုတ်မပြောပါဘူး။ ဒါပေမဲ့ .50 caliber စစ်သေနတ် အမျိုးအစားထဲမှာ ပါဝင်တယ်လို့တော့ ဇီလန်စကီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ယူကရိန်းဟာ ရုရှားဒရုန်းတွေကို AIနဲ့ ခြေရာခံ စောင့်ကြည့်ရှာဖွေပြီး ပစ်ချနိုင်တဲ့ Sky Sentinalဆိုတဲ့ လေကြောင်းကာကွယ်ရေး စက်သေနတ် စနစ်ကို မိတ်ဆက်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားဟာ ဂျင်အင်ဂျင် အသေးစား တပ်ဆင်ထားတဲ့ ဒရုန်းတွေ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်မှုတွေ သိသိသာသာ အရှိန်မြှင့်လာပါတယ်။ ရုရှားဟာ အဲဒီဒရုန်းတွေကို ဇွန်လမှာ စုစုပေါင်း အခု ၃၅၀ လောက် သုံးခဲ့ပေမယ့် ဩဂုတ်လမှာ ၂၈၀၀ လောက် ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ Geran-5ကတော့ ရုရှားရဲ့ ဒရုန်းအားလုံးထဲမှာ အမြန်ဆုံး အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၁၀၀၀ လောက် အကွာအဝေးထိ ပျံသန်းနိုင်တယ်လို့ ယုံကြည်ရပါတယ်။

ကိုးကား: Business Insider

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားမှာ ဓာတ်ခွဲခန်း မတော်တဆမှု တစ်ခုကနေ အဆုတ်ရောင် ပလိပ်ရောဂါနဲ့ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

ဂျာမနီ အစိုးရ အဓိပတိ ရောက်ရှိချိန်မှာတောင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့နေခဲ့ရကြောင်း သိရပါတယ်။

သတင်း

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ

Facebook