အမေရိကန် စစ်စခန်း တစ်ခုမှာ လူ ၁၃ ဦး သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို လက်ဖြောင့်တပ်ဖွဲ့က ကွပ်မျက်မှုကို တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
၂၀၀၉ ခုနှစ်တုန်းက တက္ကဆက်စ် ပြည်နယ်မှာရှိတဲ့ ဖို့တ်ဟုဒ် စစ်စခန်းမှာ နီဒဲလ်ဟာဆန်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ အမေရိကန် စစ်စခန်း တစ်ခုမှာ ကြုံတွေ့ဖူးတဲ့ အဆိုးဆုံး အစုလိုက် သတ်ဖြတ်မှု တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကြာညောင်းတဲ့ တရားစီရင် စစ်ဆေးမှုတွေအပြီး ဟာဆန်ဟာ သေဒဏ် ကျခံခဲ့ရသလို သူပြစ်မှု ကျူးလွန်ခဲ့တဲ့ ဖို့တ်ဟုဒ်မှာပဲ သူ့ကို ကွပ်မျက်ဖို့ စီစဉ်ထားပါတယ်။ သေဒဏ် စီရင်မယ့် နေ့နဲ့ အချိန်ကိုတော့ ဒီဇင်ဘာ ၃ ရက်နေ့၊ နေ့လယ် ၁ နာရီအဖြစ် သတ်မှတ်ထားပါတယ်။
ဟာဆန်ဟာ ကြာသပတေးနေ့ တစ်နေ့ရဲ့ နေ့လယ် ၁ နာရီမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် အဲဒီလိုနေ့၊ အဲဒီလို အချိန်ကိုပဲ သေဒဏ်စီရင်မှုအတွက် ရွေးချယ်ထားတာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ဆိုပါတယ်။

Public Service Announcement
ပြီးတော့ ဟာဆန်ကို သေဒဏ်စီရင်တာကို လူအများ ကြည့်ရှုနိုင်အောင်လည်း စီစဉ်ပေးမှာ ဖြစ်ကြောင်း၊ ဒီလုပ်ရပ်မျိုး ကျူးလွန်ရင် ဘယ်လို ပြင်းထန်ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံနိုင်သလဲ ဆိုတာကို အများ သဘောပေါက်ဖို့လိုကြောင်း ဟက်ဂ်ဆက်သ်က ပြောကြားသွားပါတယ်။
ပါလက်စတိုင်း အနွယ်ဝင် တစ်ဦးဖြစ်တဲ့ ဟာဆန်ဟာ အမေရိကန် ကြည်းတပ် ဗိုလ်မှူးဟောင်း၊ စိတ်ကျန်းမာရေး ဆရာဝန် တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့လက်ချက်ကြောင့် သေဆုံးသူတွေထဲမှာ စစ်သည်တွေသာ မကဘဲ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ အမျိုးသမီးရဲ့ ဗိုက်ထဲက သန္ဓေသားလောင်းလေးကိုပါ ထည့်တွက်မယ်ဆိုရင် သူသတ်ခဲ့တာဟာ ၁၄ ဦးထိ ရှိပါတယ်။ သူဟာ အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်ဝါဒ၊ အီရတ်နဲ့ အာဖဂန် နစ္စတန် စစ်ပွဲတွေကို ဆန့်ကျင်တဲ့ စိတ်ခံစားတွေကြောင့် အခုလို အစုလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာလို့ သိရပါတယ်။
ဟာဆန်ဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အမေရိကန် စစ်တပ်ရဲ့ လက်ဖြောင့်တပ်ဖွဲ့က တာဝန်ယူပြီး ကွပ်မျက်ခံရမယ့် ပထမဆုံး အကျဉ်းသား ဖြစ်လာမှာပါ။ စစ်တပ်ဟာ ၁၉၆၁ ခုနှစ်ကစလို့ သေဒဏ်စီရင်မှု ပုံစံအားလုံးမှာ မပါဝင်တော့ပါဘူး။
တစ်ဖက်မှာတော့ အကျဉ်းသားကို လက်ဖြောင့်တပ်ဖွဲ့နဲ့ စီရင်တာကို တိုက်ရိုက် ထုတ်လွှင့် ပြသမယ်ဆိုတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ကျင့်ဝတ်ရေးရာ ရှုထောင့်ကနေ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါမျိုးက အရမ်း အရိုင်းအစိုင်းဆန်ပြီး အလယ်ခေတ် လုပ်ရိုးလုပ်စဉ်မျိုး ဖြစ်နေကြောင်း၊ အမေရိကန်ဟာ ဘယ်လို အခြေအနေဆီ ဦးတည်နေသလဲဆိုတာ မေးခွန်းထုတ်သင့်နေကြောင်း နော့ထရီဒမ် တက္ကသိုလ်ရဲ့ ပါမောက္ခ တစ်ဦးဖြစ်သူ အမ်မာ ဘရိုင်ယန့်က ပြောကြားခဲ့ပါတယ်။
ဟာဆန်က နောက်ဆုံးဆန္ဒအဖြစ် တစ်ခုခု တောင်းဆိုခဲ့တာ ရှိသလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ဟက်ဂ်ဆက်သ်က အဲဒီကိစ္စကို သူလုံးဝ ဂရုမစိုက်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ဖို့တ်ဟုဒ်က ဖြစ်စဉ်မှာတော့ ဟာဆန်ဟာ ပြင်းအားမြင့်ကျည်တွေ ပါဝင်တဲ့ အော်တိုမက်တစ် ပစ္စတို တစ်လက်ကို အသုံးပြုပြီး စခန်းထဲမှာ တွေ့သမျှ လူတွေကို လိုက်လံ ပစ်ခတ်ခဲ့ပါတယ်။ သူ့ကို ရဲတွေက အချက်ရေ တချို့ ထိမှန်အောင် ပစ်ခတ်ပြီး တားဆီးနိုင်ခဲ့ချိန် ကျမှသာ ဟာဆန်ရဲ့ တိုက်ခိုက်မှုက ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဟာဆန်ဟာ လမ်းမလျှောက်နိုင်တော့ဘဲ လက်ရှိ အချိန်ထိ ဘီးတပ်ကုလားထိုင်နဲ့သာ သွားလာနေရပါတယ်။
၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အဲဒီကာလတုန်းက အမေရိကန်မှာ 9/11 ဖြစ်စဉ်နောက်ပိုင်း အသေအပျောက် အများဆုံး အကြမ်းဖက်မှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုးကား: BBC



















































