အောက်တိုဘာ-၉၊၂၀၂၆။ဇော်၀င်း/People’s Spring
ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့အနီးက အာဏာ သိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတချို့ကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းတွေပါ ဖမ်းဆီးရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကိုပြောပါတယ်။
မိုးဗြဲမြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်တပ်ကာကင်းတွေကို အောက်တိုဘာ ၇ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအောက်တိုဘာ ၈ ရက်မှာအဲဒီကာကင်းတွေ ကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်သုံ့ပန်းအချို့ဖမ်းဆီး ရရှိခဲ့တယ်လို့သိရပါတယ်။
“စစ်တပ်ဘက်က ၇၀ လောက် သေတယ်။ဖမ်းမိတာလည်း များတယ်။အသေးစိတ်တော့ မသိရသေးဘူး။ဒါပေမယ့်လေးယောက်ထက်မနည်းဘူး”လို့ မိုးဗြဲမြို့ ခံစစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာ ကြောင့် မြေပြင်ရဲဘော်တွေနဲ့ ဒေသတွင်း စစ်ရေး အခြေအနေပေါ်မူတည်ပြီး သိမ်းရတဲ့ ကာကင်းစခန်း နေရာတွေကို မဖော်ပြဖို့ သူက တောင်းဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ဖယ်ခုံမြို့နယ်အခြေစိုက် တပ်ရင်းထိုင်ထားတဲ့ ကာကင်းစခန်းကို ကရင်နီတော်လှန်ရေးတပ်(ကရင်နီလို့ မူရင်းဖော်ပြထား)တွေက တိုက်ခိုက်နေပြီး လေယာဉ်နဲ့ဗုံးတွေကြဲပေးဖို့ စစ်တပ်ဝါဒဖြန့်သူတချို့က လူမှုကွန်ယက်တွေမှာ အောက်တိုဘာ ၈ ရက်နေ့က ဖြန့်ဝေထားပါတယ်။
“အထိနာပြီဆို လေယာဉ် နဲ့က တောက်လျှောက်ပဲလေ။နှစ်စီးနဲ့ကိုလာကြဲတာ။မနေ့က ကောင်းဆောင်သုံးထပ်ကွေ့နားက ပြောင်း ရောင်းတဲ့ နေရာကို ဗုံးကြဲတာ ပြည်သူနှစ်ဦး သေသွားတယ်။ညကလည်း Y 12 နဲ့ လာကြဲသေးတယ်”လို့ ရှမ်းတောင်အခြေစိုက်စစ်ရှောင်အရေးကူညီနေသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့အနောက်ခြမ်းလွယ်ဝိုင်း နဲ့ လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကိုထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
“လွယ်ယင်းတောင်ခြေ ဆင်တောင် နန်းမယ်ခုံ တကြောထဲ။အဲဒီတကြောနဲ့မိုးဗြဲမြို့ကြားမှာ ဖါလိုင်ရွာရှိတယ်။သူတို့ကဖါလိုင်ကိုရချင်တာ ဖါလိုင်ရရင် နန်းမယ်ခုံကို နီးပြီ။ဖါလိုင်ကိုမရတော့ မိုးဗြဲအနောက်ဘက် လွယ်ဝိုင်းနဲ့ လွယ်ယင်းဘက်ကို ပတ်ထိုးနေတာ”လို့ မြေပြင်သတင်းရင်းမြစ်က ပြောထားပါတယ်။
ဒါကြောင့် မိုးဗြဲမြို့အနီးတဝိုက်မှာ ပြီးခဲ့တဲ့ လေးလအတွင်းစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုငါးကြိမ်ရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကသေဆုံးထိခိုက်မှုတွေများပြီးမိုးဗြဲ မြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က သေဆုံးသူ ၂၀ နဲ့ ၃၀ ၀န်းကျင်ရှိတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။အခုရက်ပိုင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့လည်း မိုးဗြဲ PDF တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ဆက်လက်ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။



















































