ဘတ်စ်ကားတွေကို တမင်ရည်ရွယ်ပြီး ရုရှားက တိုက်ခိုက်ခဲ့လို့ လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း ယူကရိန်းက ပြောပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ခရာမာတော့စ်ခ်မြို့မှာ အောက်တိုဘာ ၈ ရက်နေ့တုန်းက ဘတ်စ်ကားနှစ်စီး တိုက်ခိုက်ခံရပြီး ၃၀ ထက်မနည်းသေ၊ အနည်းဆုံး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
လူမှုကွန်ရက်တေပေါ်မှာတော့ မီးလောင်ပျက်စီးနေတဲ့ ဘတ်စ်ကားတစ်စီးရဲ့ ကိုယ်ထည် တဝိုက်မှာ ရုပ်အလောင်းတချို့ ပြန့်ကြဲနေတဲ့ ဓာတ်ပုံတွေကို တွေ့ခဲ့ရပါတယ်။
ဘတ်စ်ကားနှစ်စီးဟာ လေဟုန်ခွင်းဗုံး (glide bomb) ထိမှန်ပြီး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ခရာမာတော့စ်ခ် ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီခဲယမ်း အမျိုးအစားမှာ ပစ်မှတ်ရှာဖွေမှုနဲ့ လမ်းညွှန်စနစ်တွေ၊ လမ်းကြောင်းပြောင်းအောင် ပဲ့ထိန်းနိုင်မှုတွေ မရှိပါဘူး။ ဒါကြောင့် တိကျမှုလည်း အားနည်းပါတယ်။

Public Service Announcement
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ တိုက်ခိုက်မှုဟာ ဘတ်စ်ကားမှတ်တိုင် တစ်ခုကိုပါ ထိခိုက်စေခဲ့တယ်လို့ ပြောကြားခဲ့ပြီး ယူကရိန်းဖက်က ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။
ဒွန်းညက်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး ဗာဒင်းမ် ဖီလက်ရှ်ကင်က ရုရှားဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ စွပ်စွဲ ရေးသားခဲ့ပါတယ်။ လူတွေ များများ သေနိုင်သမျှသေအောင် သတ်ချင်တဲ့ ရုရှားအတွက်တော့ အရပ်သားတွေ ပြည့်နေတဲ့ ဘတ်စ်ကားတွေ ဆိုတာက ဆွဲဆောင်မှု အရှိဆုံး ပစ်မှတ်တွေ ဖြစ်နေကြောင်း သူက ပြောပါတယ်။
ဘတ်စ်ကားတွေကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းဖက်က စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရုရှားကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ရုရှားဟာ ယူကရိန်း မြို့ကြီးတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပုံမှန် တိုက်ခိုက်လေ့ ရှိပေမယ့် အရပ်သားတွေကို တမင်ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။
ခရာမာတော့စ်ခ်ဟာ ယူကရိန်း အရှေ့ပိုင်းက ဒွန်းညက်စ်ခ် ဒေသမှာမှာ ရုရှားတပ်တွေ မသိမ်းပိုက်နိုင်သေးဘဲ ကျန်နေတဲ့ မြို့အနည်းအကျဉ်းထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ကိုးကား: AP, Reuters



















































