ကိုး ရေးသားသည်။
ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။
စောင့်ကြည့်မိသလောက်ဆိုရင်ကျောက်တော်ကို ဗုံးကြဲခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ ၁၀ ရက်အတွင်း တစ်ရက်မှကို မပျက်ကွက်ခဲ့ဘဲ နေရာအနှံ့မှာ ဗုံးပတ်ကြဲနေခဲ့၊ အကြမ်းဖက်နေခဲ့တာပါ။ ရခိုင်မှာဆိုရင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲ၊ တောင်ကုတ်စတဲ့နေရာတွေကို နေ့စဉ်မပျက် ထပ်ခါထပ်ခါ လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ဒါဟာ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ခဲ့ပြီး အလဲလဲအကွဲကွဲဖြစ်ခဲ့ရတဲ့ ရခိုင်ဘက်မှာ ရှုံးမဲမဲနေတာကို အဲဒီဗုံးကြဲမှုဖြစ်စဉ်တွေကနေ အတိုင်းသားတွေ့မြင်နေရပါတယ်။လက်လွှတ်ဆုံးရှုံးရမှုနယ်မြေများစွာရှိထားတဲ့ စစ်ကိုင်းဘက်ကို ကြည့်မယ်ဆိုရင် ကန့်ဘလူ၊ ချောင်းဦး၊ဝက်လက်၊ရေဦး၊ကျွန်းလှတို့ဘက်ကိုအသည်းအသန်ဗုံးကြဲနေခဲ့ပြီးကလေးသူငယ်၊ အမျိုးသမီး၊ စစ်ရှောင်တွေ ထိခိုက် သေဆုံးခဲ့ရသလို တစ်ပိုင်တစ်နိုင်ရွှေမျှောနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။

Public Service Announcement
မွန်ဘက်မှာဆိုရင်လည်း ကျိုက်ထိုပတ်ဝန်းကျင်က ကျေးရွာတွေ၊ တနင်္သာရီဘက်မှာဆို ထားဝယ်နားက သရက် ချောင်းကျေးရွာ၊ ချင်းမှာဆို မင်းတပ်ဝန်းကျင်၊ ကရင်နီမှာဆို ဒီမော့ဆို၊ မန္တလေးမှာဆို တောင်သာ၊ မကွေးမှာဆို မြိုင်စစ်ရှောင်စခန်း၊ ကချင်မှာဆို မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသစသဖြင့် ဒီ ၁၀ ရက်အတွင်းမှာကို နေရာစုံမှာ အကြားအလပ်မရှိအောင် လုံ့လစိုက်ထုတ်နေတဲ့ လက်မရွံ့စစ်တပ်ပါ။
ဒီ ၁၀ ရက်အတွင်း ဖက်ဆစ်စစ်တပ်က ဗုံးပဲပတ်ကြဲနေတာမျိုးမဟုတ်ပြန်ပါဘူး။ အခြားသော အော့နှလုံးနာစရာ လုပ်ရပ်တွေကိုလည်း မပျက်မကွက်၊ အကြားအလပ်မရှိအောင် လုပ်ထားပါသေးတယ်။ ရေဘေးကြုံလို့ ဒုက္ခများနေ ရတဲ့ တနင်္သာရီတိုင်းထဲက လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေထဲက ကျေးရွာတွေဆီ စစ်ကြောင်းထိုး တိုက်ခိုက် လာတာမျိုးတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီရက်တွေထဲ အဲဒီထက်ပိုမိုဆိုးယုတ်လှတဲ့လုပ်ရပ်တစ်ခုကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်တပ်က ပြုမူခဲ့ပါသေးတယ်။ အဲဒါကတော့ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေအပါအဝင် အမျိုးသမီး လေးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာပါ။ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က အောက်တိုဘာ ၅ ရက် ညပိုင်းမှာ မူးရူးပြီး ပတ်ကင်းလှည့်ချိန် စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို တွေ့သွားပြီး အဲဒီအထဲက အသက် ၁၄နှစ်အရွယ်မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၈နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၂၀နှစ်အရွယ် မိန်းကလေး ၂ ဦးတို့ကို ဖမ်းဆီးကာ အဓမ္မပြုကျင့်ခဲ့တာပါ။
သူတို့ကို မနက်မိုးလင်းချိန်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အဲဒီထဲကအသက်၂၀ အရွယ် အမျိုးသမီးမပါဝင်ခဲ့ဘဲ ပျောက် ဆုံးနေပါတယ်။ သတ်ပစ်လိုက်ကြပြီလို့လည်း သတင်းတွေထွက်နေပါတယ်။ အဲဒီလေးဦးထဲကနောက်တစ်ဦးကို လည်း အရေးပေါ်ဆေးရုံတင်ထားရပါတယ်။ ဒီလိုမုဒိမ်းမှုကျူးလွန်တယ်ဆိုတာက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်အတွက်တော့ ထမင်းစားရေသောက်အဆင့်လို့တောင် ပြောလို့ရပါတယ်။
သူတို့ကျူးလွန်ခဲ့တဲ့မုဒိမ်းမှုပေါင်းမြောက်များစွာရှိပါတယ်။ နယ်မြေတစ်ခုကို စစ်ကြောင်းထိုးဝင်ရောက်လာတိုင်း သူတို့ မပျက်မကွက်လုပ်တဲ့အထဲမှာ ဒီမုဒိမ်းမှုကျူးလွန်တာလည်းအပါအဝင်ဖြစ်ပါတယ်။
ဒါတွေအပြင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့စစ်တပ်ကမီးရှို့သတ်လို့သေဆုံးခဲ့ရတဲ့ အမျိုးသားနှစ် ဦးအကြောင်း သတင်းတစ်ပုဒ်လည်းစက်တင်ဘာ ၂၉ ရက်က ထွက်လာပါသေးတယ်။ ချောက်-ညောင်ဦးကားလမ်း ပိုင်းအနီးက ဇကကျေးရွာကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ စစ်ကြောင်းထိုးပြီးနောက် အသက် ၂၃နှစ်အရွယ်နဲ့ အသက် ၅၅ နှစ်အရွယ် ရွာသားနှစ်ဦးကို ဖမ်းဆီးပြီး မီးရှို့သတ်သွားခဲ့တာပါ။
မကွေးတိုင်း မြိုင်မြို့နယ်မှာဆိုရင်လည်းအာဏာသိမ်းစစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ရုပ်အလောင်း ၁၂ လောင်းကို အောက်တိုဘာ ၄ ရက်နေ့က ရှာတွေ့ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်။
မှိုရှာသူ တစ်ဦးက အဲဒီအရိုးစုတွေကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဆက်လက်ရှာဖွေလိုက်တဲ့အခါ မြေကျင်းနှစ်ခုအတွင်းကနေ ရုပ်အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့တာပါ။
အဲဒီသတ်ဖြတ်ခံရသူတွေဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က ဖမ်းဆီးခံရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မနက်မှာ သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒီလို လူတွေကိုအရှင်လတ်လတ်မီးရှို့သတ်တာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေဟာလည်း ဒီဖက်ဆစ်စစ်တပ်အတွက်ထူးဆန်းတဲ့အရာတွေမဟုတ်တော့ပါဘူး။ဆိုရရင် အခုဖော်ပြခဲ့တဲ့ဗုံးကြဲတိုက်ခိုက်၊အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ မီးရှို့သတ်၊ မုဒိမ်းမှုကျူးလွန်ဆိုတာ တွေဟာ ဒီရက်ပိုင်းထဲမှာဖြစ်ပေါ်လာခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဘက်က ရိုင်းစိုင်းယုတ်မာချက်တွေပဲဖြစ်ပါတယ်။
၁၀ ရက်အတွင်းမှာတွေ့ရတဲ့ ရက်စက်ယုတ်မာမှုတချို့သာဖြစ်ပါတယ်။ အာဏာရှင်နေဝင်း၊ အာဏာရှင်သန်းရွှေတို့ လက်ထက်ကစပြီး ပြည်သူအပေါ် အနိုင်ကျင့်ယုတ်မာခဲ့တဲ့ ဖက်ဆစ်စစ်တပ်ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာရူးပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ပိုလို့ယုတ်မာရက်စက်လာခဲ့တာကိုလည်း ဖြစ်စဉ်၊ ဖြစ်ရပ်၊ မှတ်တမ်း၊ မှတ်ရာများကနေ ထင်ထင်ရှားရှားတွေ့မြင်ကြရမှာပါ။
တစ်ခေတ်တစ်ခါက နာမည်ဆိုးနဲ့ ကျော် ကြားလှတဲ့ ဖက်စစ်ဂျပန်တောင် မင်းအောင်လှိုင်စစ်တပ်လုပ်ရပ်တွေကိုမြင်ရင် လက်ဖျားခါသွားရပါလိမ့်မယ်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ကောက်ယူထားတဲ့စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်အထိ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ (၁၅၀၅) ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွအတည်ပြုထားနိုင်ပြီး အတည်ပြုဖို့လိုအပ်နေတဲ့ သေဆုံးသူက အနည်းဆုံး (၁၃၄၉) ဦးခန့်ရှိတယ်လို့ သိရပါတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးခဲ့ရသူ အရေ အတွက်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ အရပ်သားပြည်သူ (၁၁၃၃) ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီး အတည်ပြုဖို့လိုအပ်နေတဲ့ သေဆုံးသူ အနည်းဆုံး (၉၀၃) ရှိတယ်လို့ AAPP က မှတ်တမ်းပြုထားပါတယ်။
AAPP ရဲ့ အချက်အလက်အရ အာဏာသိမ်းချိန်ကနေစပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်အထိ မင်းအောင်လှိုင်စစ်တပ်ကြောင့် သေဆုံးသူစုစုပေါင်း ၈၅၀၉ ဦးအထိ အတည်ပြု ထားနိုင်ပြီး အတည်ပြုဖို့လိုနေသူ ၅၄၀၀ ဦးခန့်ရှိပါတယ်။ အဲဒီထဲမှာ ကလေးသူငယ် ၁၁၂၇ ဦးပါဝင်ပြီး အမျိုးသမီး ၂၃၄၆ ဦးပါဝင်ပါတယ်။ မီးရှို့ခံရတဲ့နေအိမ်တွေဆိုတာလည်း သိန်းနဲ့ချီပြီးရှိနေပါပြီ။
အရှင်လတ်လတ် မီးရှို့သတ်မှု၊ မုဒိမ်းမှုဆိုတာတွေဟာလည်း မရေတွက်နိုင်အောင်ကို များပြားလွန်းလှပါတယ်။ဒီတော့ အတင်းအဓမ္မပေါ်တာဆွဲခံရလို့ပဲဖြစ်ဖြစ်၊ စစ်မှုထမ်းဥပဒေအကြောင်းပြ အတင်းအဓမ္မစုဆောင်းခံရလို့ပဲဖြစ် ဖြစ်၊ မိဘသဘောဆန္ဒအလိုအရပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင်စိတ်လိုလက်ရပဲဖြစ်ဖြစ် အဲဒီဖက်ဆစ်စစ်တပ်ထံ ဝင်ရောက် တော့မယ်ဆိုရင် ရှေ့မှာဖော်ပြခဲ့တဲ့ ယုတ်မာရက်စက်မှုတွေကို ကျူးလွန်နိုင်သလားဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးမေးခွန်းထုတ်ကြည့်ဖို့ မမေ့ပါနဲ့။
အကယ်၍ သင်ဟာ အဲဒီဖက်ဆစ်စစ်တပ်ထံ ဝင်ရောက်ခဲ့ပြီးဖြစ်တယ်ဆိုပါက လက်နက်မဲ့ပြည်သူလူထုနဲ့တွေ့ရင် ရက်ရက်စက်စက်အနိုင်ကျင့်သတ်ဖြတ်၊ အရှင်လတ်လတ်မီးရှို့၊ မုဒိမ်းကျင့်၊ လုယက်၊ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ထမင်းစားရေသောက် လွယ်လင့်တကူပြုလုပ်နိုင်ရပါမယ်။လက်နက်ရှိသူ၊ လက်နက်ကိုင်အချင်းချင်း ထိပ်တိုက် တွေ့ဆုံကြတဲ့အခါမှာတော့ သင့်အနေနဲ့ ရွေးချယ်စရာ သုံးခုရှိပါမယ်။ အလံဖြူထောင်ပြီး လက်နက်ချ အလင်းဝင် မလား၊လွတ်ရာကျွတ်ရာ အသက်လုပြေးမလား၊ အသေခံမလားဆိုတာပါပဲ။
အခုဆိုရင် သင့်ရှေ့မှာ ရွေးချယ်စရာနှစ်ခုရှိလာပါပြီ။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ် တပ်ကို အားဖြည့်ပေးတဲ့ ရက်စက်ယုတ်မာသူလူတစ်ယောက်လုပ်မလား။ ဒါမှမဟုတ် အဲဒါနဲ့သွေဖည်ဆန့်ကျင်တဲ့ ပြည်သူလူထုဘက်ကို မျက်နှာမူတဲ့လူကောင်းတစ်ယောက်လုပ်မလားဆိုတာသင့်ရဲ့ ရွေးချယ်မှုပါပဲ။
ပြည်သူလူထုထံမှာ သေနတ်မရှိပေမယ့် တံတွေးတွေရှိပါတယ်။



















































