အောက်တိုဘာ-၁၅၊ ၂၀၂၆။ ဥဂ္ဂါ/People’s Sprng
မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာခဲ့ရသည့် လွတ်လပ်သော မီဒီယာဌာန (၅) ခုကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) မှတစ်ဆင့် ပြစ်မှုအမျိုးမျိုးဖြင့် တရားစွဲဆိုနိုင်ရန် အောက်တိုဘာလ ၆ ရက်နေ့တွင် မြန်မာစစ်အုပ်စုက ကြိုးပမ်းခဲ့သည်။ နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် ရဲလုပ်ငန်းစဉ်များကို အသုံးချ၍ သတင်းမီဒီယာများအပေါ် ဖြိုခွဲမှုများကို အရှိန်မြှင့်လုပ်ဆောင်ကာ ဝေဖန်ထောက်ပြသည့် မီဒီယာများကို နှုတ်ပိတ်ရန် ရည်ရွယ်သည့် စစ်အုပ်စု၏ ကြိုးပမ်းမှုအပေါ် အပြည်ပြည်ဆိုင်ရာ သတင်းထောက်များအဖွဲ့ချုပ် (IFJ) နှင့် ၎င်း၏ မဟာမိတ်ဖြစ်သော ပြည်ပရောက် မြန်မာသတင်းထောက်များကွန်ရက် (Exiled-MJN) တို့က ပြင်းထန်စွာရှုတ်ချလိုက်သည်။
အောက်တိုဘာလ ၆ ရက်နေ့တွင် စစ်အုပ်စု၏ ဒုတိယ ပြည်ထဲရေးဝန်ကြီးဆိုသူ မင်းသူက ပြည်ပအခြေစိုက် မီဒီယာဌာနများဖြစ်သည့် Myanmar Now၊ ခေတ်သစ် (Khit Thit)၊ ဧရာဝတီ (Irrawaddy)၊ မဇ္ဈိမ (Mizzima) နှင့် ဒီဗီဘီ (DVB) တို့ကို INTERPOL မှတစ်ဆင့် “အနီရောင်အဆင့် သတိပေးချက်” (Red Notice) များစွာ ထုတ်ပြန်တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။ အနီရောင်အဆင့် သတိပေးချက်ဆိုသည်မှာ သံသယရှိသူကို ခြေရာခံဖမ်းဆီးနိုင်ရန် ကမ္ဘာတစ်ဝှမ်းရှိ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများသို့ ထုတ်ပြန်သည့် သတိပေးချက်ဖြစ်သည်။
ထို့အပြင် စစ်အုပ်စုသည် အတိုက်အခံ ပုဂ္ဂိုလ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များကိုလည်း အနီရောင်အဆင့် သတိပေးချက်များဖြင့် ပစ်မှတ်ထားထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း INTERPOL ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ တွင် “အဖွဲ့အစည်းအနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး သို့မဟုတ် လူမျိုးရေးဆိုင်ရာ မည်သည့်ဝင်ရောက်စွက်ဖက်မှု သို့မဟုတ် လှုပ်ရှားမှုကိုမဆို လုပ်ဆောင်ခြင်းကို တင်းကြပ်စွာ တားမြစ်သည်” ဟု အခိုင်အမာဖော်ပြထားသည်။

Public Service Announcement
INTERPOL ၏ အဖွဲ့အစည်းအတွင်း ဥပဒေဆိုင်ရာမူဘောင်များကလည်း အာဏာရှင်အစိုးရများ၏ အဖွဲ့အစည်းကို လက်နက်သဖွယ် အလွဲသုံးစားလုပ်ခြင်းမှ စနစ်တကျ ကာကွယ်ပေးထားသည်။
စစ်အုပ်စု လက်အောက်ခံ မီဒီယာများ၏ ဖော်ပြချက်အရ စစ်အုပ်စုသည် ပြည်ပရောက် သတင်းထောက်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် စွပ်စွဲထားပြီး၊ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ကာ လွှဲပြောင်းပေးအပ်ရေး လုပ်ငန်းစဉ်များ (Extradition) စတင်နိုင်ရန် အနီရောင်အဆင့် သတိပေးချက်များ (Red Notice) တင်သွင်းခဲ့ကြောင်း ၎င်းက ပြောကြားထားသည်။ ၎င်း၏ ပြောကြားချက်မှာ စစ်တပ်၏ လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ လွှတ်တော်ကိုယ်စားလှယ် သန်းသန်းအေး၏ စစ်ကောင်စီအား ဆန့်ကျင်သူများကို မည်သို့အရေးယူ ဆောင်ရွက်နေသနည်းဆိုသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ခေတ်သစ်၊ ဧရာဝတီ၊ ဒီဗီဘီ (DVB)၊ Mizzima နှင့် Myanmar Now တို့သည် ပြည်ပတွင် အခြေစိုက်၍ သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့၏ သတင်းမီဒီယာ လိုင်စင်များကို ရုပ်သိမ်းခဲ့သဖြင့် အဆိုပါ မီဒီယာများသည် ပြည်ပသို့ ထွက်ခွာခဲ့ကြရသည်။
IFJ ၏ မဟာမိတ်ဖြစ်သော Exiled-MJN ၏ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်မှစတင်၍ အနည်းဆုံး သတင်းထောက် ၇ ဦး သေဆုံးခဲ့ရသည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ အစိုးရမဟုတ်သောအဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာဥပဒေစင်တာ (ICNL) ၏ မှတ်တမ်းများအရ သတင်းထောက် အနည်းဆုံး ၂၂၇ ဦးကို စစ်ကောင်စီက ထိန်းသိမ်းခဲ့ပြီး ၁၀၀ ဦးကို စုစုပေါင်း ထောင်ဒဏ် ၅၄၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ သတင်းထောက် ၂၀ ဦး ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သည်။
စစ်ကောင်စီက ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသော အတိုက်အခံ ပုဂ္ဂိုလ် ၁,၃၀၀ ထက်မက၏ နိုင်ငံကူးလက်မှတ်များကို ရုပ်သိမ်းထားကြောင်းနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအပါအဝင် ပြည်ပမှ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထောက်ခံသည့် မြန်မာနိုင်ငံသားများကို စောင့်ကြည့်ကာ အမည်ပျက်စာရင်း (blacklist) သွင်းထားကြောင်းလည်းဆိုသည်။
IFJ သည် အခြားသော ကမ္ဘာ့အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီ၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် “အတုအယောင် ရွေးကောက်ပွဲ” များကို ပူးတွဲရှုတ်ချခဲ့ကြသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း စစ်တပ်၏ အရပ်သားများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ၊ လူထုအမြောက်အမြား အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများနှင့် နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ထက်မကကို ထောင်ဒဏ်ချမှတ်ထားမှု အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်နေမှုများကို အစဉ်တစိုက် ရှုတ်ချခဲ့ကြသည်။
ပြည်ပရောက်မြန်မာသတင်းထောက်များကွန်ရက် (Exiled-MJN) က ယခုလို ပြောကြားခဲ့သည်။
“နယ်စပ်ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများတွင် လက်ရှိနေထိုင်နေကြသည့် ပြည်ပရောက် သတင်းထောက်များသည် တရားဝင်အထောက်အထား မရှိဘဲ နေထိုင်ကြရသည် သို့မဟုတ် ရွှေ့ပြောင်းလုပ်သား အထောက်အထားများကိုသာ အားကိုးပြီး နေထိုင်ကြရသည်။ ဤအခြေအနေများသည် အချိန်မရွေး မတရား ပစ်မှတ်ထားခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းနှင့် ဥပဒေဆိုင်ရာ နည်းလမ်းများကို အလွဲသုံးစားပြု၍ တိုက်ခိုက်ခံရခြင်းတို့ကို ဖြစ်ပေါ်စေသည်။
အဆိုပါ သတင်းထောက်များအား မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးအပ်ခံရနိုင်သည့် အလားအလာသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ စိုးရိမ်ပူပန်မှုနှင့် ဘေးကင်းရေးအတွက် ကြောက်ရွံ့မှုများကို ပိုမို ကြီးမားစေသည်။ ယခု နောက်ဆုံး အခြေအနေက မြန်မာစစ်အုပ်စု အနေဖြင့် မြန်မာနိုင်ငံအတွင်း၌ သာမက ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် သတင်းထောက်များကိုပါ အန္တရာယ်ပြုရန်၊ ခြိမ်းခြောက်ရန်နှင့် နှုတ်ပိတ်ရန် ကြိုးပမ်းနေကြောင်း သက်သေပြနေသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်အုပ်စု၏ ထိုသို့သော ကြိုးပမ်းမှုများကို တားဆီးပေးရန်နှင့် မြန်မာသတင်းထောက်များနှင့် မီဒီယာဌာနများ လွတ်လပ်စွာနှင့် ဘေးကင်းစွာ သတင်းရယူတင်ဆက်နိုင်ရေးအတွက် အကာအကွယ်ပေးကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။”
IFJ က ယခုလို ပြောကြားသည်မှာ –
“မြန်မာစစ်ကောင်စီသည် မိမိ၏ ပြည်သူများအပေါ် ကျူးလွန်နေသည့် ကြီးမားသော ချိုးဖောက်မှုများကို ဆက်လက်ဖော်ထုတ်နေသည့် ရဲရင့်ပြတ်သားသော မီဒီယာများနှင့် သတင်းထောက်များကို နှိပ်ကွပ်ရန်၊ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်း ရှေ့တွင် မိမိကိုယ်ကို တရားဝင်အစိုးရအဖြစ် ပုံဖော်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြု၍ ကြိုးပမ်းနေမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပတွင် ရှိနေသည့် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဤရက်စက်သည့်စစ်အစိုးရကို ဆန့်ကျင်ပြီး လွတ်လပ်သော သတင်းမီဒီယာများအတွက် ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။”
ကိုးကား – International Federation of Journalists (IFJ)

















































