Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းဒေသနဲ့ ကချင်ဒေသအနှံ့ စစ်တပ်က အင်အားဖြည့်နေဟု KIA ပြော

မိုးမိတ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်၊ တနိုင်းလီဒိုလမ်းနေ ပြည်သူတွေ သတိထားသွားလာဖို့လိုဟု အသိပေး

(အာဏာသိမ်းပြီးနောက် ဆန္ဒပြနေသူတွေကို ဖြိုခွင်းဖို့ ရန်ကုန်မြို့တွင်းဝင်ရောက်လာတဲ့ စစ်ကားတွေကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အောက်တိုဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်းဒေသနဲ့ ကချင်ပြည်ဒေသအနှံ့ကို အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

အောက်တိုဘာ ၁၄ရက်သတင်းဖော်ပြချက်မှာ အောက်တိုဘာအတွင်း စစ်ကိုင်းတိုင်း အင်းတော်ဒေသ၊ ရှမ်းမြောက် မိုးမိတ်ဒေသ၊ နဲ့ ကချင်ပြည်နယ် ဒေသအချို့ မှာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

KIA တပ်ရင်း(၃၄)ဒေသဖြစ်တဲ့ ရှမ်းမြောက် မိုးမိတ်-မဘိမ်းကြား နေရာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

KIA တပ်ရှိရာကို စစ်တပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။အောက်တိုဘာ ၁၄ရက်က စစ်တပ် အင်အား ၃၀ခန့်ဟာ KIA တပ်ရှိရာ ၉မိုင်ဘက်ကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲပြင်းထန်ခဲ့သလို အောက်တိုဘာ ၁၃ရက်ညနေပိုင်းကလည်း ၇မိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ၆မိုင်ကျေးရွာဘက်မှာလည်း စစ်တပ် စစ်ရေးလှုပ်ရှားလာတဲ့အပေါ် KIAက ဒရုန်း လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းတော်ဒေသမှာ အောက်တိုဘာက စတင်ပြီး စစ်တပ်က အင်အားရိက္ခာဖြည့်တင်းလာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ အသိပေးပါတယ်။ စစ်ကိုင်းဒေသ စစ်ရေးအခြေအနေ ပြန်လည်ရှုပ်ထွေးလာမှုကြောင့် ကားလမ်းအချို့ပိတ်ထားကြောင်းလည်း ဖော်ပြပါတယ်။ စစ်ကောင်စီတပ်က စစ်ကိုင်းဒေသနဲ့ ကချင်ဒေသအနှံ့ စစ်အင်အားဖြည့်တင်းတာ ဆက်တိုက်ပြုလုပ် နေကြောင်း KIA ရဲ့ သတင်းဖော်ပြချက်မှာပါရှိပါတယ်။

ဒ့ါအပြင် ကချင်ပြည်နယ် တနိုင်းဒေသ လီဒိုလမ်းမှာလည်း စစ်တပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တပ်တွေဟာ အောက်တိုဘာ ၁၂ရက်မှာ စစ်အင်အားဖြည့်တင်းတာတွေ အရင်ထက်ပိုလုပ်လာတာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။

လဝါးကျေးရွာကနေ တနိုင်းမြို့ အထိ စစ်ဆေးရေးဂိတ်နေရာအားလုံး စစ်အင်အား လက်နက်အင်အားဖြည့်တင်းတာ ကတုတ်ကျင်းတူးတာ ယခင်ကထက်ပိုလုပ် နေသလို ဝါရာဇွပ်၊ ရှဒူးဇွပ် က ဆင်းလာတဲ့ ပြည်သူ့စစ်တပ်တွေဟာ အောက်တိုဘာ ၁၁ရက်မှာ နောင်းမီ KBC ဆုတောင်းတောင်ခြေမှာ စခန်းချထားတယ်လို့ဆိုပါတယ်။

လီဒိုလမ်းမတလျှောက် စစ်ဆေးရေးဂိတ်ချ၊ စစ်အင်အားဖြည့်တင်းနေလို့ ပြည်သူတွေ သတိထားသွားလာဖို့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။

စစ်တပ်ဟာ အောက်တိုဘာ ဒုတိယပတ်မှာ မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို စစ်ယာဉ်တန်းတွေနဲ့ အင်အား၊ခဲယမ်းဖြည့်တင်းလာတာလို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၁၄ရက်မနက်မှာ ပြောကြားထားပါတယ်။ အဲဒီ စစ်ယာဉ်တန်းတွေဟာ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ) အပါအဝင် ကချင်ဒေသ စစ်တပ်စခန်းတွေကို စစ်လက်နက်ခဲယမ်း အင်အားတွေ ဖြည့်တင်းနေတာလို့ ပြောပါတယ်။

အခုလို စစ်အင်အားဖြည့်တင်းနေတာဟာ စစ်တပ်ဟာ သူတို့ ဆုံးရှုံးထားတဲ့နယ်မြေဒေသတွေ ပြန်ရဖို့ မူလရှိခဲ့တဲ့ မြို့ယန္တရားတွေ ဆောက်လုပ်နိုင်ဖို့ ကြိုးစားပုံရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အဓိကတော့ ဗန်းမော်ဘက်ကို သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ အတွက် ကြိုးစားပုံရပါတယ်။ ဗန်းမော်ဘက်ကလည်း သင်္ဘောရောက်ပြီးနောက်ပိုင်း မြေပြင်တိုက်ပွဲကလည်း ဆက်တိုက်ရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေတဲ့ ဒေသတွေက ဗန်းမော်၊ မိုးမိတ်၊ အင်းတော်ကြီး ဒေသတွေဖြစ်သလို ခေါင်လန်ဖူးဘက်မှာလည်း စစ်တပ်က အင်အားဖြည့်တာရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခေါင်လန်ဖူးမြို့နယ်မှာ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ခြေရှိကြောင်း အသိပေးပါတယ်။ ၀ိုင်းမော်ဘက်မှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်၊ ဒရုန်းနဲ့ ကင်းထောက်တာတွေရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။