ပေါ်တူဂီ လက်ရွေးစင် ဘောလုံးအသင်းနဲ့ လူသိရှင်ကြား ပြဿနာ ဖြစ်ခဲ့တဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် (FPF)က ပွဲပယ်နဲ့ ငွေဒဏ် ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ စက်တင်ဘာလတုန်းက နော်ဝေးနဲ့ ပွဲစဉ်မှာ ကစားခွင့် မရခဲ့သလို ဒိန်းမတ်နဲ့ ပွဲစဉ်မှာလည်း ပွဲထွက် လူစာရင်းထဲ မပါလာကြောင်း သိရှိရတဲ့နောက် အသင်းလူစာရင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ရော်နယ်လ်ဒိုက ပရိသတ်တွေဆီ လိပ်မူတဲ့ ထုတ်ပြန်ချက် အရှည်ကြီး တစ်စောင်နဲ့အတူ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြခဲ့ပါတယ်။ သူက ပေါ်တူဂီ နည်းပြ ဂျော့ဂျ်ဂျီးဆက်စ်က ကတိဖျက်ပြီး သူ့ရဲ့ ယုံကြည်မှုကို နှစ်ကြိမ်တိုင် ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။
ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နက်ဆာမှာ ပရော်ဖက်ရှင်နယ် ကစားနေတဲ့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ၂၃၄ ပွဲ ကစားပြီး ၁၄၆ ဂိုး သွင်းယူပေးထားပါတယ်။ သူဟာ လက်ရွေးစင် အသင်းရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူသူလည်း ဖြစ်ပါတယ်။

Public Service Announcement
အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ FPFရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တစ်လပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေး ၂၅၅ ယူရို ချမှတ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီပြစ်ဒဏ်ဟာ အသင်းကနေ ရော်နယ်လ်ဒို ရုတ်တရက် ထွက်ခွာသွားတဲ့ ဒိန်းမတ်နဲ့ ပွဲနေ့က စတင်သတ်မှတ်တာကြောင့် ပြစ်ဒဏ် ချမှတ်ချိန်မှာ ရော်နယ်လ်ဒိုဟာ ၁၉ ရက် ပြစ်ဒဏ် ကျမှတ်ပြီးပြီဆိုတဲ့ သဘောလည်း ဖြစ်လာပါတယ်။ ပြီးတော့ သူဟာ ပေါ်တူဂီ အသင်းရဲ့ ပွဲစဉ်တွေနဲ့ လွဲချော်မှာ မဟုတ်ပါဘူး။ ပေါ်တူဂီဟာ ဥရောပ နိုင်ငံများ အမှတ်ပေး ဖလားပြိုင်ပွဲအတွက် နိုဝင်ဘာ ၁၄ ရက်နေ့ကျမှ ဒိန်းမတ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက် ၃ ရက် အကြာမှာတော့ ဝေးလ်စ် အသင်းနဲ့ ကစားရပါမယ်။
FPF စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ကြေညာချက်မှာတော့ ရော်နယ်လ်ဒိုရဲ့ ထုတ်ပြန်ချက်ကို လေ့လာတဲ့အခါ သူ့လုပ်ရပ်အတွက် နောင်တရနေတာ၊ အားကစားသမား တစ်ယောက်အနေနဲ့ သူ့ရဲ့ အလုပ်တာဝန်တွေအပေါ် အလွန်အမင်း စိတ်အားထက်သန်တာတွေကို တွေ့ရကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုကို ကူညီကာကွယ်ပေးတဲ့ အနေနဲ့ လက်ရွေးစင် အသင်းအတွက် သူစွမ်းဆောင်ပေးခဲ့တဲ့ မှတ်တမ်းကောင်းတွေကိုလည်း ကောက်နုတ်ပြထားခဲ့ပါတယ်။
တစ်ဖက်မှာတော့ ပေါ်တူဂီ နည်းပြအဖြစ် ဂျီးဆက်စ် ရှိနေသ၍ အသင်းဆီ ရော်နယ်လ်ဒို ပြန်မလာလောက်ဘူးဆိုတဲ့ ထင်ကြေးတွေလည်း ပျံ့နှံ့နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရော်နယ်လ်ဒို ကိုယ်တိုင်ကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး။
ဂျီးဆက်စ်ကတော့ သူနဲ့ ရော်နယ်လ်ဒိုကြား ဘာသဘောတူညီမှုမှ ရယူမထားကြောင်း၊ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို ၅ ကြိမ်ဆွတ်ခူးဖူးတဲ့ ရော်နယ်လ်ဒိုသာ ပြန်လာမယ်ဆိုရင် အသင်းက လမ်းဖွင့်ပေးထားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ကိုးကား: BBC




















































