အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် ဆက်လက် လုပ်ကိုင်နေပြီး အာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများကို ဖိနှိပ်နေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ Non CDM ဝန်ထမ်းအရာရှိ ၈၁ ဦးကို အမည်ပျက်စာရင်းသွင်း ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်သည်။
ထုတ်ပယ်ခံရသူများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ဒုညွှန်မှူးများ၊ အင်ဂျင်နီယာချုပ်၊ စစ်ဆေးရေးအရာရှိချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ အထွေထွေမန်နေဂျာနှင့် ဒုအထွေထွေမန်နေရာ၊ မန်နေဂျာ၊ အင်ဂျင်နီယာမှူး၊ လက်ထောက်အင်ဂျင်နီယာ၊ ဦးစီးအရာရှိ စသည့် အရာရှိများ ပါဝင်သည်။
အဆိုပါ အရာရှိများသည် CDM ဝန်ထမ်းများကို ဖိအားပေး ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ တရားစွဲခြင်း၊ ပြန်ဆပ်ရန်မလိုသည့် ချေးငွေများကို အတင်း အဓမ္မပြန်လည်ပေးဆောင်းခိုင်းခြင်းစသည့် ဖိနှိပ်မှု မျိုးစုံ ပြုလုပ်နေ၍ ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်း ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေဖြင့်လည်း CDM မှာ ဝင်ခဲ့သည့် ဝန်ကြီးဌာန မဖွဲ့ရသေးသော ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်နေကြောင်း အသိပေးထားသည်ဟု ထုတ်ပြန်ခဲ့သည်။