အောက်တိုဘာ−၂၁၊၂၀၂၆။ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့နယ်ကနေ အောက်တိုဘာပထမပတ်ကတည်းက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ အင်းတော်-ဝန်းသို- ကောလင်းလမ်းမှာ နဲ့ အင်းတော်-ထီးချိုင့်လမ်းမှာ ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
အောက်တိုဘာ ၂ဝရက်က ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာကို စစ်ကြောင်းဝင်လာပြီး ကောလင်းမြို့ကို အင်အား ၁၀၀ခန့် ဝင်ရောက်သွားတယ်လို့သိရပါတယ်။ဂျိုးတောင်ရွာအနီး ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က Y-12 နဲ့ ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

Public Service Announcement
ထီးချိုင့်မြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကြောင်းကလည်း ပိန်းအင်းရွာအတွင်းမှာရှိနေသေးပြီး ကျေးရွာကိုလည်း မီးရှို့ထားတယ်လို့ သိရပါတယ်။ ပိန်းအင်းရွာက စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး ကျေးရွာအနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
“မနက်ပိုင်းကတည်းက နှစ်နေရာလုံးမှာ ဆော်နေကြတယ်။စစ်တပ်က ပြန်ဆုတ်လာတဲ့ စစ်ကားလည်း FVP ဒရုန်းမိတာ တွေရှိတယ်။နှစ်နေရာလုံး ဆိုင်ထားကြပြီး တိုက်ပွဲကပြင်းနေတာ”လို့ တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
လေကြောင်းကနေဗုံးကြဲမှုကြောင့် ထိခိုက်မှုတွေကို မသိရသေးပါဘူး။စစ်တပ်ဟာ မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းအတိုင်း တဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။
“တိုက်ပွဲက မနက်ကတည်းကပြင်းထန်နေတာ။စစ်ရှောင်ပြည်သူတော့ အခု စစ်ကြောင်းအခြေအနေကြည့်ပြီးကပ် ရှောင်ကြတာ။ထိုင်ထားတာမဟုတ်တော့ စစ်ကြောင်းကျော်သွားတဲ့ ရွာတွေကပြန်ဝင်၊ ဒီလိုပဲရှောင်နေကြတာ ပေါ့”လို့ ဝန်းသို မြို့နယ်မှာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။




















































