Connect with us

Hi, what are you looking for?

သတင်း

CI ကိစ္စ ထိုင်းအစိုးရ အလေးအနက် ကိုင်တွယ်ဖို့ ထိုင်းအမတ်တွေ တိုက်တွန်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

အောက်တိုဘာ ၂၃၊ ၂၀၂၆။ People’s Spring

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် မြန်မာစစ်အုပ်စုရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးနေမှုတွေကို ထိုင်းအစိုးရက စနစ်တကျ မကြပ်မတ်နိုင်ရင် မြန်မာလုပ်သား တစ်သန်းကျော်လောက်ဟာ တရားဝင် စနစ်ရဲ့ ပြင်ပကို ရောက်သွားနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး လှုပ်ရှားသူတွေ၊ အလုပ်ရှင်တွေက သတိပေး ပြောကြားခဲ့ပါတယ်။

ထိုင်းမှာ မြန်မာအလုပ်သမားတွေအတွက် CI ထုတ်ပေးတဲ့ CI စင်တာတွေအတွက် အာဏာသိမ်း မြန်မာစစ်တပ်က စေလွှတ်ထားတဲ့ တာဝန်ရှိသူ ၃၀ ကျော်ကို ဝင်ရောက် ကြီးကြပ်ခွင့် ပြုခဲ့ပါတယ်။ အဲဒီအာဏာပိုင်တွေက မရိုးသားမှု၊ အဂတိမှုတွေ ကျူးလွန်နေနိုင်ကြောင်း စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ အခုသတိပေးချက် ထွက်ပေါ်လာတာပါ။

ထိုင်းလွှတ်တော်အမတ်တွေကလည်း CI စင်တာတွေမှာ အကျင့်ပျက်ခြစားမှု ပြဿနာတွေ ရှိနိုင်ခြေတွေ၊ မြန်မာအလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို နိုင်ငံရေးအတွက် အမြတ်ထုတ် အသုံးချလာနိုင်ခြေတွေကို စနစ်တကျ စုံစမ်းသင့်ကြောင်း ထိုင်းအစိုးရကို တိုက်တွန်းလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခု သီတင်းပတ်ထဲမှာ ထိုင်းအလွတ်တန်း သတင်းထောက်တစ်ဦးက CI စင်တာ တစ်ခုကို သတင်းရယူ ဓာတ်ပုံရိုက်တဲ့အခါ အာဏာသိမ်း စစ်တပ်ရဲ့ လက်အောက်ခံ ဝန်ထမ်းတွေက ခြိမ်းခြောက်တားဆီးခဲ့တဲ့နောက်ပိုင်း CI စင်တာတွေထဲက ခြစားမှု ကိစ္စတွေကို ထိုင်းမှာ ပိုပြီး အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ CI ထုတ်ပေးရေး ကိစ္စတွေမှာ မြန်မာစစ်တပ်က ပိုပြီး တင်းကျပ်လာတာ၊ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အဓမ္မ စစ်မှုထမ်းဆင့်ခေါ်ဖို့နဲ့ တခြားနိုင်ငံရေး အမြတ်ထုတ်မှုတွေအတွက် အသုံးချလာနိုင်ခြေတွေကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေထဲက ၁ သန်းကျော်လောက်ဟာ တရားဝင် မှတ်ပုံတင် စနစ်တွေရဲ့ အပြင်ဖက်ကို ရောက်သွားပြီး ထိုင်းမှာ တရားဝင် လုပ်သားရှားပါးမှု ပြဿနာမျိုး ကြုံလာနိုင်တယ်လို့ ထောက်ပြမှုတွေ ရှိလာခဲ့ပါတယ်။

ထိုင်းအထက်လွှတ်တော်အမတ် ထေဝရစ် မန်နီချိုင်းက CI ထုတ်ပေးတာဟာ အလုပ်သမားတွေအတွက် အထောက်အကူ ဖြစ်နိုင်ပေမယ့် ထိုင်းမှာ ကိုယ်ပိုင် အသိအမှတ်ပြု စာရွက်စာတမ်း ထုတ်ပေးတဲ့စနစ် ရှိနှင့်ပြီးသား ဖြစ်တာကြောင့် CI က မရှိမဖြစ် မလိုအပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ထိုင်းမှာ ၆ လကျော် နေထိုင်ခွင့် ရထားသူတွေကို ထုတ်ပေးတဲ့ ပန်းရောင်ကတ်ကို အသုံးပြုလို့ ရတာကြောင့် မြန်မာအလုပ်သမားတွေ အနေနဲ့ ထိုင်းအစိုးရရဲ့ အသိအမှတ်ပြု စနစ်တစ်ခုတည်းကိုပဲ ရွေးချယ်သင့်တယ်လို့ သူက ထောက်ပြပါတယ်။

မြန်မာအလုပ်သမားတွေ ကိုယ်တိုင်ကလည်း သူတို့ ရှာဖွေစုဆောင်းထားတဲ့ ငွေတွေကို CI လုပ်လိုက်ရင် မြန်မာစစ်တပ်က ပြည်သူတွေကို ဖိနှိပ်မှုတွေမှာ ပြန်လည် အသုံးချနေတယ်လို့ စိုးရိမ်နေတယ်လို့ ထေဝရစ်က ဆက်ပြောပါတယ်။ CI စနစ်ကို လုံးဝ ဖျက်သိမ်းတာမျိုး မလုပ်နိုင်သေးဘူးဆိုရင်တောင် မြန်မာနိုင်ငံမှာ အခြေအနေတွေ ကောင်းမွန်လာတဲ့အထိ ထိုင်းအစိုးရဟာ မြန်မာအလုပ်သမားတွေကို ကိုယ်တိုင် CI နဲ့ အလားတူ အသိအမှတ်ပြုကတ်မျိုး ယာယီ ထုတ်ပေးတာမျိုး နည်းလမ်းတွေကို စဉ်းစားသင့်ကြောင်း ထေဝရစ်က အကြံပြုပါတယ်။

အတိုက်အခံ ထိုင်းပြည်သူ့ပါတီ (PP) ရဲ့ အောက်လွှတ်တော်အမတ်နဲ့ အလုပ်သမားရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဆီယာချမ်ပါတောင်ကတော့ CI စင်တာတွေမှာ မြန်မာစစ်တပ် လက်ပါးစေ အရာရှိတွေရဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု စွပ်စွဲချက်တွေအပေါ် ထိုင်းအာဏာပိုင်တွေက အလေးအနက် စုံစမ်းစစ်ဆေးသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ပြီးတော့ CI စင်တာတွေမှာ တန်းစီ မစောင့်ချင်ရင် တရားဝင်ကြေးမဟုတ်တဲ့ ဘတ် ၃,၈၀၀ ထိ ပေးရတာမျိုး အဂတိမှုတွေ ရှိနေနိုင်ကြောင်း သူက ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို မြန်မာလုပ်သားတွေက တိုင်ကြားရင် ထိုင်းအလုပ်အကိုင် ဦးစီးဌာနက မြန်မာဖက်နဲ့သာ ဆိုင်တဲ့ ပြဿနာလို့ တုံ့ပြန်လေ့ ရှိတယ်လို့လည်း ဆီယာက ပြောပါတယ်။ ထိုင်းမြေပေါ်မှာ ဖြစ်ပေါ်နေတဲ့ အဂတိမှုတွေကို ထိုင်းအာဏာပိုင်တွေက ဘာကြောင့် တာဝန်မယူဘဲ ရှောင်လွှဲနေသလဲလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

CI စင်တာတွေမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေကြောင်း တိုင်ကြားချက်တွေကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးပေးဖို့၊ မြန်မာဖက်က ခန့်အပ်တဲ့ အရာရှိ ၃၁ ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး သေချာ ရှင်းလင်းအောင် စိစစ်ပေးဖို့၊ အလုပ်သမားတွေရဲ့ အချက်အလက်တွေကို နိုင်ငံရေးအရ ခြိမ်းခြောက်ဖိနှိပ်မှုတွေအတွက် အသုံးမချနိုင်အောင် ကာကွယ်ပေးဖို့လည်း ထိုင်းအစိုးရ အလုပ်သမားဝန်ကြီး ဂျူလာဖန် အမော်နဝီဝတ်ကို ရည်ရွယ်ပြီး ဆီယာက တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများ ကွန်ရက် (MWG) ရဲ့ ညှိနှိုင်းရေးမှူး အဒိဆွန် ကွတ်မွန်ခွန်းက CI လိုမျိုး ရှုပ်ထွေးတဲ့ စာရွက်စာတမ်း လိုအပ်ချက်တွေကြောင့် မြန်မာလုပ်သားတွေ အများအပြားဟာ တရားဝင် မှတ်ပုံတင်မှုစနစ်ရဲ့ ပြင်ပကို ရောက်သွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ စစ်တပ်ဟာ ထိုင်းမှာ တရားဝင် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းထိ ကောက်ခံတာ၊ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ငွေပြန်လွှဲခိုင်းတာ၊ CI သက်တမ်းတိုးတဲ့အခါ အခွန်ဆောင်ထားကြောင်းနဲ့ ငွေလွှဲထားကြောင်း အထောက်အထားတွေ၊ နိုင်ငံကူးလက်မှတ်တွေကို မဖြစ်မနေ ပြသဖို့ တောင်းဆိုတာတွေက မြန်မာအလုပ်သမားတွေအတွက် အများကြီး ဖိအားကြုံစေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ငယ်ရွယ်ပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက်အရွယ်ထဲမှာ ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကလည်း CI သက်တမ်းတိုးရင် အဲဒီလို အချက်အလက်တွေ ပေးဖို့ တွန့်ဆုတ်နေတတ်ကြောင်း အဒိဆွန်က ပြောပါတယ်။

အကျိုးဆက် အနေနဲ့ မြန်မာလုပ်သား ၁ သန်းကျော်လောက်ဟာ တရားဝင် မှတ်ပုံတင် စာရင်း မသွင်းတော့ဘဲ စနစ်ရဲ့ ပြင်ပကို ရောက်သွားနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။ အဲဒီအခါ ထိုင်းမှာ၊ အထူးသဖြင့် စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ အလုပ်သမား ရှားပါးမှုတွေ ကြုံလာနိုင်တယ်လို့လည်း အဒိဆွန်က ဆိုပါတယ်။

အဖြူရောင် အလုပ်ရှင်များအဖွဲ့ရဲ့ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ နီလုဘွန် ဖုန်ဖရွမ်ကလည်း CI အပါအဝင် စာရွက်စာတမ်းတွေအတွက် စရိတ် မြင့်တက်လာတာ၊ မြန်မာဖက်ကို ပြန်သွားတဲ့ အလုပ်သမားတွေက ထိုင်းကို တရားဝင် ပြန်လည် ဝင်ရောက်လာမှု မရှိတော့တာတွေက အနာဂတ်မှာ ထိုင်းလုပ်ငန်းရှင်တွေကို အခက်ကြုံစေနိုင်ကြောင်း သတိပေးသွားခဲ့ပါတယ်။

အဲဒီပြဿနာတွေကနေ ကြိုတင်ကာကွယ်ဖို့အတွက် ထိုင်းအစိုးရဟာ CI စနစ်ကို ပြန်သုံးသပ်ပြီး မြန်မာအလုပ်သမားတွေအတွက် တခြား ယာယီ မှတ်ပုံတင်မှု အစီအမံ တစ်ခုခုကို ပြောင်းလဲ ဖော်ဆောင်ပေးသင့်ကြောင်း သူက အကြံပြုသွားခဲ့ပါတယ်။

ကိုးကား — The Reporters၊ Transborder News

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။

သတင်း

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို စစ်အုပ်စုက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာတွေမှာ လာလုပ်သူ မရှိသလောက် ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေး ကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။