အောက်တိုဘာ – ၂၃ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်မင်းလက်ပံနဲ့ ဖလူးရွာတွေဘက်မှာ ဒီရက်ပိုင်းအတွင်းအာဏာသိမ်းစစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ ဒရုန်းဗုံးကြဲချမှုကြောင့် ဖလူးကျေးရွာမှာစစ်ရှောင်ပြည်သူတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ဖလူးရွာနဲ့မင်းလက်ပံရွာတွေမှာဒီရက်ပိုင်းတွေအတွင်း စစ်တပ်စစ်ကြောင်းက ပြန်လည်ထိုးစစ်ဆင်လာခဲ့တာကြောင့် KNU ပူးပေါင်းတပ်တို့နဲ့ ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေခဲ့တာပါ။
စစ်တပ်ကမြဝတီမြို့တောင်ဘက်ကျောက်ခက်နယ်မြေအနီးမှာရှိတဲ့ သဲဖြူချောင်းရွာကို စစ်ကြောင်းထိုးတာမရတဲ့အတွက် ဖလူး၊ မင်းလက်ပံဘက်ကို ပြန်လည်ပြီး ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

Public Service Announcement
“ဖလူးမင်းလက်ပံတိုက်ပွဲက ပြန်စတာ သုံး ရက်လောက်ရှိပြီ။ ခါတိုင်းက တစ်ချက်နှစ်ချက်ပစ်ပြီးနားရော၊ခုတလောကအသံတွေပြန်ကြားရပြီ၊ (သဲဖြူချောင်း)တိုးမရလို့ ဒီဘက်(မင်းလက်ပံ ဖလူး)ပြန်ထိုးနေတာ၊မနေ့ကသဲဖြူချောင်းရောရဲကုန်းရောမင်းလက်ပံရောနေရာစုံအသံကြားတယ်” လို့ သူက ရှင်းပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာလ ၂၃ ရက်ညပိုင်းကနယ်စပ်မျဉ်းအနီး မြန်မာဘက်ခြမ်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့်ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းရွာထဲကိုလက်နက်ကြီးကျည်လေးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးအနည်းငယ်ဒဏ်ရာရရှိသလို နေအိမ်တွေလည်း ထိခိုက်ခဲ့တယ်လို့နယ်စပ်နေပြည်သူတစ်ဦးက ပြောပါတယ်။
အဲဲဒီလိုလက်နက်ကြီးကျည်ကျရောက်ခဲ့တာကြောင့်ထိုင်းစစ်တပ်ကလည်း နယ်စပ်မှာ လုံခြုံရေးတိုးမြှင့်ချထားနေပါတယ်။
မြန်မာဘက်ခြမ်းမှာတော့အောက်တိုဘာလ၂၁ ရက်ညပိုင်းစစ်တပ်ကဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာဖလူးကြီးရွာကအသက်လေးဆယ်ကျော် စစ်ဘေးရှောင်အရပ်သားတစ်ဦး သေဆုံးသွားသလို တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
“စစ်ရှောင်ပဲရွာမှာအိမ်စောင့်ခဏပြန်နေတာ၊ နှစ်ယောက်ထိတာ တစ်ယောက်သေတယ်” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
အခုလဆန်းပိုင်းအောက်တိုဘာလ ၄ ရက်ကလည်း မြ၀တီမြို့တောင်ပိုင်း၊ သေ့ဘောဘိုးကျေးရွာအုပ်စု၊ဘလယ်ဒို့ရွာထဲကို စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ ဆေးခန်း၊ အရပ်သားနေအိမ်တွေပျက်စီး ဆုံးရှုံးခဲ့ရပါသေးတယ်။
လက်ရှိမှာလည်းမင်းလက်ပံနဲ့ ဖလူးဒေသဆီ ဒီရက်ပိုင်းတွေအတွင်း စစ်တပ်ရဲ့ လေယာဉ်တွေ ၊ ဒရုန်းတွေ အမြဲပျံဝဲနေတာကြောင့် ရွာထဲပြန်လည်နေထိုင်တဲ့ဒေသခံတွေဟာပြန်မနေရဲတော့ဘဲတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒေသခံအတွက် စစ်ရှောင်စခန်းတွေမှာလည်း အထောက်အပံ့တွေနည်းပါးလာတာကြောင့် လက်ရှိမှာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

















































