အောက်တိုဘာ ၂၈၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က သီတင်းကျွတ်ဘုရားကြီးပွဲလာသူအချို့ရဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
သီတင်းကျွတ်လပြည့်ညက မုံရွာမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က သီတင်းကျွတ်ဘုရားကြီးပွဲ ပြုလုပ်ပေးခဲ့ရာမှာ လာရောက်လည်ပတ်သူတွေ များပြားခဲ့ပြီး ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေလည်း ပျောက်ဆုံးမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“အခိုးခံရတာတွေ အများကြီးပဲ။ ဆိုင်ကယ်ပျောက်တယ်။ ဖုန်းပျောက်တယ်။ ဆိုက်တွဲပျောက်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ မုံရွာမြို့ပေါ်မှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတာကြောင့် လပြည့်နေ့မတိုင်မီအဖိတ်နေ့က ဘုရားပွဲလာလည်သူ မရှိသလောက် နည်းပါးကြောင်း၊ စစ်တပ်က ဘုရားပွဲကာလ ပေါ်တာမဆွဲဘဲ ရန်ဖြစ်မှသာ ဆွဲမယ်ဆိုတာကြောင့် လပြည့်နေ့ညမှာ ဘုရားပွဲလာသူတွေ များပြားခဲ့ကြောင်း မြို့ခံအချို့က ပြောပါတယ်။
ဒါပေမယ့် ဘုရားပွဲလာတဲ့ လူငယ်အချို့ကိုတော့ စစ်တပ်လက်အောက်ခံ မီးသတ်ဝန်ထမ်းတွေက ဝိုင်းရိုက်တာတွေ ရှိခဲ့ကြောင်း မြို့ခံအချို့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေးအပါအဝင် တော်လှန်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့ကြီးတွေမှာပါ ပွဲလမ်းသဘင်ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။




















































