အောက်တိုဘာ-၂၈၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ ဆိပ်ဖြူမြို့အခြေစိုက် ကပစ(၂၂)လက်နက်စက်ရုံက ယာဥ်တန်း ၂၉ စီးအပါအ၀င် အင်အားအများအပြားနဲ့ ပေါက်မြို့နယ်တောင်ပိုင်းကို အောက်တိုဘာ ၂၈ ရက်က စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
စစ်ကြောင်းနဲ့နီးစပ်ရာရွာတွေဖြစ်တဲ့ သပြေရေ၊ချက်ကန်၊ မှန်ထောင်ကွင်း၊ တယ်ပင်ကန် နဲ့ ပေခုနှစ်ပင်ကျေးရွာတွေက အိမ်ထောင်စု ၁၂၀၀ ၀န်းကျင် လူဦးရေ ၆၅၀၀ နီးပါးဟာ ဘေးလွတ်ရာ ယာယီစစ်ဘေးရှောင်နေရတယ်လို့ အသိပေးပါတယ်။

Public Service Announcement
“ချက်ကန်ထဲ ဒီနေ့နေ့လယ် စစ်ကြောင်းစ၀င်နေပြီ”လို့ ပေါက်မြို့နယ်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
ကနဦးစစ်ရေးသုံးသပ်ချက်တွေအရ ပေါက်မြို့နယ်က အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄ )ကို အင်အားဖြည့်နိုင်တယ်လို့ ပေါက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“ပြည်သူ့စစ်ရွာကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့မယ်ဆိုပြီး သတင်းရထားတယ်။နောက် ကပစ(၂၄)ကိုပဲ အင်အားဖြည့်တာ ။အဲဒီနှစ်မျိုးရှိတယ်။ထက်ပြီးတော့ စောင့်ကြည့်ရမယ်”လို့လည်း ပေါက်မြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ကပစ(၂၂)က လာတဲ့ ယာဉ်တန်းနဲ့ပတ်သက်ပြီး ပြောပါတယ်။
လက်ရှိစစ်ရေးအခြေအနေကြောင့် ဆိပ်ဖြူ- ပေါက်လမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းတွေကို ပြည်သူတွေအနေနဲ့ သတိထားအသုံးပြုကြဖို့လည်း တော်လှန်ရေးရဲဘော်တချို့က တိုက်တွန်းထားပါတယ်။
အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် ဆိပ်ဖြူမြို့နယ်ကတဆင့် ပေါက်မြို့နယ်အခြေစိုက် ကပစ (၂၄)မှာ အင်အားစုဖွဲ့ခဲ့ပြီး အဲဒီကနေကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
ဒါ့အပြင် ပေါက်မြို့အရှေ့ဘက်ခြမ်း မြိုင်မြို့နယ်နဲ့ ကပ်လျက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားရာရေနံ မြေဒေသကိုလည်း စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့ နှစ်လနီးပါးကြာ ထိတွေ့တိုက်ပွဲတွေရှိနေပါတယ်။
ဒါကြောင့်လည်း ပေါက်မြို့နယ် မြောက်ပိုင်း အစပ်မှာရှိကြတဲ့ ကန်သစ်ရွာ၊ နယ်သတ်ရွာ၊ ဆုံကုန်းရွာနဲ့ ကြက်ဆူအိုင့်ရွာတွေက ဒေသခံ သုံးထောင်ကျော်ဟာသုံးလ ကျော်ကြာတဲ့အထိ စစ်ဘေးရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးပါတယ်။
စစ်ဘေးရှောင်ရတဲ့ရက် ကြာလာတာကြောင့် ထောက်ပံ့မှုတွေ လိုအပ်နေပြီး ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ပေါက်နဲ့ မြိုင်ဒေသအစပ်မှာ စစ်တပ်ကနေ့စဥ် စစ်ကြောင်းထိုး မီးရှို့တာအပြင် ဂျက်ဖိုက်တာ ၊ Y- 12 ၊ ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာတွေနဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာကြောင့်ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။




















































