Connect with us

Hi, what are you looking for?

သတင်း

ထိုင်း​ရောက်မြန်မာလုပ်သား​တွေ ပန်း​ရောင်ကတ်တစ်မျိုးတည်းနဲ့​နေထိုင်းလုပ်ကိုင်ခွင့်ရ​ရေး ထိုင်းလွှတ်​တော်မှာတင်သွင်း​ဆွေး​နွေးနိုင်ဖို့ MMWRCCT စတင်ကြိုးပမ်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့သာ လုပ်ကိုင်နေထိုင်ခွင့်ပေးရေးနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်းတင်သွင်းဆွေးနွေးပေးဖို့ မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT)က ထိုင်းနိုင်ငံ အဖြူရောင်လုပ်ငန်းရှင်များအသင်းထံ သွားရောက်တွေ့ဆုံ တင်ပြခဲ့ပါတယ်။

(CI မလုပ်​ရေးလှုပ်ရှားမှုမှာလက်မှတ်​ရေးထိုး​နေကြတဲ့ထိုင်း​ရောက်မြန််မာ​ရေလုပ်သား​တွေ/CI မလုပ်​ရေး၊ပန်း​ရောင်ကတ်တစ်ခုတည်းနဲ့​နေထိုင်လုပ်ကိုင်ခွင့်ရ​ရေးအပါအဝင်အချက် ၄ ချက်ကို​တောင်ဆိုထားတဲ့စာတမ်းနဲ့ မြန်မာလုပ်သား​တွေ။ဓါတ်ပုံ-MMWRCCT)

အောက်တိုဘာ-၂၈၊၂၀၂၆။နေ့သစ်/Peoples Spring

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့သာ လုပ်ကိုင်နေထိုင်ခွင့်ပေးရေးနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်းတင်သွင်းဆွေးနွေးပေးဖို့ မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT)က ထိုင်းနိုင်ငံ အဖြူရောင်လုပ်ငန်းရှင်များအသင်းထံ သွားရောက်တွေ့ဆုံ တင်ပြခဲ့ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ရက်က ထိုင်းနိုင်ငံ အဖြူရောင်လုပ်ငန်းရှင်များအသင်းထံ သွားရောက်တောင်းဆိုခဲ့တာပါ။

ထိုင်းနိုင်ငံ အဖြူရောင်လုပ်ငန်းရှင်များအသင်းဟာ ထိုင်းအစိုးရက တရားဝင်ဖွဲ့စည်းပေးထားတဲ့ ထိုင်းအစိုးရလက်အောက်ခံ အသင်းအဖွဲ့အစည်းဖြစ်တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်တည်ထောင်သူ ဦးခိုင်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျနော်တို့က ဒီအတိုင်းလွှတ်တော်ကို တင်ဖို့ ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ အဲဒီအသင်းကနေတဆင့် တင်သွင်းပေးဖို့ ဆွေးနွေးပေးဖို့ တောင်းဆိုတင်ပြခဲ့တာပေါ့။အဲဒီအသင်းကလည်း သူတို့လာပေးတဲ့ကိစ္စတိုင်း လက်ခံလုပ်ပေးတာ မဟုတ်ဘူး။အခုပြောနေတဲ့CIစခန်းတွေ ဖျက်သိမ်းရေးဆိုတာ သူတို့ မလုပ်နိုင်ဘူး။ လုပ်မရဘူးပေါ့။ ဘာနဲ့လုပ်ရလဲဆိုတော့ ထိုင်းက မြန်မာလုပ်သားတွေဟာ CI စာအုပ်လုပ်ရင် စစ်တပ်ထံအချက်အလက်တွေရောက်သွားမယ်။ UID ကတ်လုပ်ရင် ပြန်ရင်စစ်မှုထမ်းရမယ်ဆိုတာ သူတို့သေချာပြောပြတော့သူတို့က အလုပ်သမားတွေရဲ့ လူ့အခွင့်အရေးနဲ့ ကိုင်ပြီး လက်ခံတာ။ အဲတော့ သူတို့က ဘာလုပ်ပေးနိုင်လဲဆိုတော့ စခန်းဖျက်သိမ်းဖို့ သူတို့မလုပ်နိုင်ဘူး။ CI ထုတ်ပေးတာ ရပ်ဆိုင်းဖို့ နောက်ထပ် ၂နှစ်ထပ်ရွှေ့ဆိုင်းဖို့တော့ သူတို့ လုပ်နိုင်တယ်လို့ ထောက်ပြတယ်”လို့ ဦးခိုင်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံအဖြူရောင်လုပ်ငန်းရှင်များအသင်းဟာ သူတို့ လိုချင်တဲ့အချက်အလက်နဲ့အထောက်အထားတွေ တင်ပြနိုင်ခဲ့တာကြောင့် လွှတ်​တော်ကိုတင်ပြဆွေးနွေးပေးဖို့ လက်ခံခဲ့တာလို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ မြန်မာစစ်တပ်ရဲ့ CI စင်တာတွေမှာ စာရွက်စာတမ်းပြုရာမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်တွေအတွင်း ဝင်ငွေ ၂ ရာခိုင်နှုန်းကို ကြိုတင်အခွန်အဖြစ် ပေးဆောင်ရတာ၊ လစဉ်ဝင်ငွေရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကိုလည်း မိသားစုထံ ငွေလွှဲပို့ထားကြောင်း အထောက်အထားတင်ပြရတာတွေကို အတင်းအကျပ် တောင်းဆိုခံနေရကြောင်း MMWRCCT က တင်ပြထားပါတယ်။

CI အစား ပန်းရောင်ကတ် (Pink Card) နဲ့ လုပ်ငန်းခွင့်ပြုကတ် (Work Permit)ကို တွဲဖက်ကိုင်ဆောင် အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်း တရားဝင် ယာယီခိုလှုံနေထိုင်လုပ်ကိုင်ခွင့် ပြုပေးဖို့လည်းတောင်းဆိုချက်မှာပါဝင်ပါတယ်။ ဒါ့အပြင် ထိုင်းအစိုးရဘက် တစ်ဖက်တည်း ယာယီဗီဇာ (Visa) စီစဉ်ပေးပြီး မြန်မာနိုင်ငံကို ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်းမှာပဲ သက်တမ်းတိုးခွင့်နဲ့ပန်းရောင်ကတ် ထုတ်ပေးရေးကို အမြန်ဆုံးနဲ့ ရိုးရှင်းတဲ့လုပ်ထုံးလုပ် နည်းများတွေနဲ့ ဆောင်ရွက်ပေးဖို့လည်း MMWRCCT က တင်ပြထားပါတယ်။

MMWRCCT အနေနဲ့ ထိုင်းရောက်မြန်မာလုပ်သားအရေးကို အစွမ်းကုန်ကြိုးစားပေးနေတယ်လို့လည်း အဲဒီအဖွဲ့အစည်းရဲ့ ပြန်ကြားရေးတာဝန်ခံဖြစ်သူ ဦးနေမျိုးဇင်က ဒီကနေ့ ညပိုင်းမှာ ပြောထားပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေကထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် စစ်​ကောင်စီရဲ့CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့ တောင်းဆိုလှုပ်ရှားမှု စတင်ခဲ့တာဖြစ်ပါတယ်။

CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်ဘတ်ကတ် နဲ့ Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေး နဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄ ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားတွေ အများအပြား လှုပ်ရှားမှုမှာပါတင်လာနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေသူတွေက ပြောပါတယ်။ မြန်မာလုပ်သားအများအပြားဟာ ထိုင်းအစိုးရထံ တောင်းဆိုတဲ့အထက်ပါ အချက် ၄ ချက်ကို မြန်မာ၊ထိုင်း ၊အဂ်လိပ်ဘာသာ နဲ့ရေးထားတဲ့ စာရွက်တွေကို ကိုင်ဆောင်ပြီး ရဲရဲဝင့်ဝင့်တောင်းဆိုနေကြပါတယ် ။

ဒါကြောင့် စင်တာတွေမှာ လာလုပ်သူမရှိသလောက်ဖြစ်နေပြီး မြန်မာလုပ်သားတွေ CI မလုပ်ရေးကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒါအပြင်ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ CI ထုတ်ပေးတဲ့ အစီအစဉ်ဟာ ထိုင်းနိုင်ငံက လွှတ်တော်အမတ်တွေ ၊အလုပ်သမားအရေးဆောင်ရွက်တဲ့အဖွဲ့တွေ စတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ကန့်ကွက်မှုတွေ ၊ဝေဖန်မှုတွေ ၊ CI စခန်းတွေဖျက်သိမ်းရေးအထိပါ တောင်းဆိုမှုတွေကိုလည်း ကြုံနေပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားတွေဟာ ထိုင်းမှာအလုပ်လုပ်ပြီး ပန်းရောင်ကတ်လုပ်တဲ့အခါ ထိုင်းအစိုးရကိုလည်းအခွန်ဆောင်ထားရသလိုအာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်ပေးခ အခွန်ထပ်ကောက်တာကြောင့် အခွန် ၂ ထပ်ကောက်သလို ဖြစ်နေတယ်လို့ အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် မစ္စနီလူးဘွန် ဖုန်ဇယုံကပြောပါတယ်။ အခုလိုအခွန် ထပ်ကောက်မယ့်အစီအစဉ်ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ပြဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း သူက ထောက်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်အုပ်စုက CI လုပ်ချင်တာဟာ ထိုင်းရောက်မြန်မာလုပ်သားတွေဆီက အခွန်ကောက်ခံပြီး အကျိုးအမြတ် ရယူချင်တာအပြင် မြန်မာနိုင်ငံကတော်လှန်ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့နဲ့ အစိုးရကို ဆန့်ကျင်သူတွေကို စိစစ်နိုင်ဖို့အတွက် ရည်ရွယ်ထားတာလည်း ဖြစ်တယ်လို့ ထိုင်းနိုင်ငံကအလုပ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။ ဒါကြောင့် ထိုင်းအစိုးရက စစ်ကောင်စီကို ထိုင်းလာပြီး CI လုပ်ခွင့်ပေးတာဟာ ထိုင်းနိုင်ငံအတွင်း စစ်အုပ်စုကိုဝင်ရောက်စွက်ဖက်၊ ကျူးကျော်ခွင့်ပေးတာသာဖြစ်တယ်လို့ မစ္စနီလူးဘွန် ဖုန်ဇယုံက ဝေဖန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားအစိုးရရဲ့စီမံချက်တွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေ တစ်ရက် အနည်းဆုံး ၅၀ကျော် ဖမ်းဆီးခံနေရပြီး မလေးရှားအာဏာပိုင်တွေကပြီးခဲ့တဲ့ ၃ လအတွင်းမြန်မာလုပ်သား ၄၀၀၀ ကျော်ကို နေရပ်ပြန်ပို့ထားပါတယ်။

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။