Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမှာစစ်သင်္ဘောတွေ တိုက်ခိုက်နစ်မြှပ်ခံရပြီးနောက် စစ်တပ်ကအရပ်သားငါးဖမ်း​​​လှေတွေကို လိုက်ပစ်နေ

စစ်တပ်က ပစ်ခတ်လို့ ပေါက်တောမြို့နယ်မှ ရိုဟင်ဂျာငါးဖမ်းသမား ၄ ဦးသေဆုံး

(အောက်တိုဘာ ၂၄ ရက်နေ့က စစ်တွေမြို့အနီး မြစ်ပြင်မှာ ပေါက်တောမြို့နယ် အနောက်ရဲရွာမှ ရိုဟင်ဂျာငါးဖမ်းသမားတွေရဲ့စက်​လှေကို ‌စစ်တပ်က Speed boat နဲ့လိုက်ပစ်နေစဥ်။ဓါတ်ပုံ- File)

အောက်တိုဘာ ၂၉၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

စစ်တွေမြို့နယ်အတွင်းတိုက်ပွဲ​တွေမှာ ဖျက်သင်္ဘော(Frigate)တစ်စီးအပါအဝင်စစ်သင်္ဘော၃ စီး တိုက်ခိုက်နစ်မြှပ်ခဲ့ရပြီး​နောက် စစ်တပ်ဟာ စစ်တွေမြို့ပတ်လည်မှာအချိန်ပြည့်ကင်းလှည့်နေကာဒေသခံငါးဖမ်းသမားတွေရဲ့​လှေ​တွေကို လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သင်္ဘော ၆ စီးထက်မနည်း၊ Speed boat အစီး ၁၀ ကျော်နဲ့ စစ်တွေမြို့တောင်ဘက် ပင်လယ်ပြင်၊ အရှေ့ဘက် ကုလားတန်မြစ်ပြင်တို့မှာ ကင်းလှည့်ပြီး အရပ်သားငါးဖမ်းသမား​လှေတွေကို လိုက်လံပစ်ခတ်နေတာလို့ သိရပါတယ်။

“တွေ့သမျှ လှေတွေကို လိုက်ပစ်တယ်။ Speed boat တွေကတော့ ပတ်ပြီးသွားနေတယ်။ လှေလေးတစီးတွေ့ တာနဲ့ကို အဝေးကနေ ပစ်နေတာ။ ဒီနေ့လည်း စက်လှေတစီး အပစ်ခံလိုက်ရသေးတယ်” လို့ စစ်တွေမြို့ တဖက်ကမ်း ပေါက်တောမြို့နယ်မှ ဒေသခံငါးဖမ်းသမားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ပေါက်တောမြို့နယ် အနောက်ရဲရိုဟင်ဂျာဒုက္ခသည်စခန်း မှ ဒေသခံငါးဖမ်းသမား ၄ ဦးကို စစ်တပ်က Speed boat နဲ့ လိုက်ပစ်တာကြောင့် လှေပေါ်ပါလာသူ ၄ ဦးလုံး သေဆုံးခဲ့ပါတယ်။

စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ရိုဟင်ဂျာငါးဖမ်းသမားတွေဟာ ဘော်ဒီယာ၊ ဟာလာယာ၊ မာမောက်ဆော်လိမ်နဲ့ မာမောက်အီနူစ်တို့ဖြစ်ကြပါတယ်။ စစ်တပ်ဟာ အဲဒီလိုငါးဖမ်းသမားတွေကို သတ်ဖြတ်ခဲ့ပြီးနောက် စက်နဲ့ လှေကိုလည်း ယူသွားခဲ့ကြတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“အလောင်းတောင်မရဘူး”လို့ ပေါက်တောမြို့နယ်မှ ဆင်တက်မော်ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတဦးကပြောပါတယ်။

အလားတူအောက်တိုဘာ ၂၉ ရက်မှာလည်း ကျွဲကူးမြစ်နဲ့ ကုလားတန်မြစ်၀အနီး ငါးဖမ်းနေတဲ့ ဒေသခံငါးဖမ်း လှေတစီးကိုလည်း စစ်တပ်က လိုက်ပစ်တာကြောင့် ထွက်ပြေးလာခဲ့ကြရတယ်လို့ သိရပါတယ်။ အဲဒီလို စစ်တပ်က ငါးဖမ်းလှေတွေကို လိုက်ပစ်နေတဲ့အတွက် ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံနေကြပါတယ်။

“ငါးမဖမ်းရင်လည်း တခြားအလုပ်မရှိဘူး။ အရဲစွန့်ပြီးထွက်တဲ့သူထွက်ကြတယ်။မထွက်တဲ့သူတွေကတော့ငတ်တာပေ့ါ။ အခုက ကယ်ဆယ်ရေးလည်း မရတော့ဘူး။ ငရဲကျနေသလိုပါ” လို့ ဆင်တက်မော် ရိုဟင်ဂျာဒုက္ခသည် စခန်းမှ ရိုဟင်ဂျာတဦး က ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာသီတင်းလကျွတ်လပြည့်နေ့ (အောက်တိုဘာ ၁၆ )ညမှာ စစ်တွေမြို့ကမ်း နားလမ်းအနီး မြစ်ပြင်မှာ ရပ်ထားတဲ့ စစ်သင်္ဘောတွေထဲက ၃ စီးကို အဆင့်မြင့်နည်းပညာတွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တာဖြစ်ပြီး ၂ စီးနစ်မြုပ်ကာ ၁ စီး ဆိုးဆိုးရွားရွားပျက်စီးခဲ့ပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ပေါက်တောမြို့နယ်ဆံတော်ရှင်ကျွန်းအနီးမှာငါးဖမ်းနေ ကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေနှစ်စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေကနေ ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေ ပေါ်ပါလာသူတွေကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကလည်း စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အစပ် နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်း သမားတဦး သေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရရသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ပေါက်တောနဲ့ မြေပုံမြို့နယ်တို့မှဒေသခံငါးဖမ်းသမား ဆယ်နဲ့ချီပြီး စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရပြီး တရားစွဲဆိုခံနေကြရပါတယ်။

စစ်တပ်ဟာ စစ်တွေနဲ့ထိစပ်နေတဲ့ ပင်လယ်ပြင်က ငါးဖမ်းသမားတွေကို ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်နေတဲ့အပြင် စစ်သင်္ဘောတွေကနေ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့အတွင်းရှိ လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ဆက် တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကနေစခဲ့တဲ့ ရခိုင်ဒေသတကျော့ပြန်ပြည်သိမ်းတိုက်ပွဲတွေ အတွင်း စစ်တပ်ရဲ့ သင်္ဘောတွေကို ဆက်တိုက်ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း မင်းပြားမြို့နယ်မှာ ၁ စီး၊ ကျောက်တော်မြို့နယ်မှာ ၃ စီးတို့ကို လုံး၀ဖျက်ဆီးခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ကျောက်ဖြူမြို့နယ်အတွင်းက စစ်သင်္ဘော ၁ စီးနဲ့ အခု ၂၀၂၆ အောက်တိုဘာလထဲမှာ စစ်တွေမြို့နယ်အတွင်းကစစ်သင်္ဘော ၅ စီးထက်မနည်းကိုထပ်မံဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း မြို့အနောက်ဘက်က ရေချမ်းပြင်၊မြောက်ဘက် က အမြင့်ကျွန်း၊ အရှေ့ဘက်က ရွှေမင်းဂံဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပြီး စစ်တွေမြို့ အရှေ့ဘက် ပေါက် တောမြို့နယ် ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားတဲ့ စစ်တပ်ကို AA က ဟန့်တားတိုက်ခိုက်နေပါတယ်။

AA ဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်း ၁၃ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ငပြီကျွန်းပေါ် ကမ်းတက် နိုင်ခဲ့တဲ့ စစ်တပ်အခြေချနေရာအားလုံးနီးပါးကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားကာ ငပြီကျွန်းပေါ်မှ စစ်သားအား လုံးနီးပါး AA ထံ လက်နက်ချတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။