Connect with us

Hi, what are you looking for?

သတင်း

မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ကူညီ ကာကွယ်ပေးဖို့ ထိုင်းအစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်တွေနဲ့ ပြည်သူတွေကို မေတ္တာရပ်ခံ

မြန်မာ ရွှေ့ပြောင်း လုပ်သားတွေနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းဆိုင်ရာ တင်းကျပ်မှုတွေကို ဖြေလျှော့ပေးဖို့၊ လူသားချင်း စာနာမှု ရှုထောင့်ကနေ အကာအကွယ် ပေးဖို့ ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ အရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။

(ထိုင်းနိုင်ငံရဲ့ ရေလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလုပ်သားတွေ။ ဓာတ်ပုံ — AFP)

အောက်တိုဘာ ၂၉၊ ၂၀၂၆။ People’s Spring

မြန်မာ ရွှေ့ပြောင်း လုပ်သားတွေနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းဆိုင်ရာ တင်းကျပ်မှုတွေကို ဖြေလျှော့ပေးဖို့၊ လူသားချင်း စာနာမှု ရှုထောင့်ကနေ အကာအကွယ် ပေးဖို့ ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ အရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။

ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း လုပ်သား ကိုယ်စားလှယ်များ ညှိနှိုင်းရေးကော်မတီ (MMWRCCT) က အောက်တိုဘာ ၂၇ ရက်နေ့မှာ ထိုင်းရဲ့ White Employer စီမံကိန်းမှာ ပါဝင်တဲ့ ထိုင်း အလုပ်ရှင်တွေဆီကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာမှာ ရွှေ့ပြောင်း လုပ်သားတွေ ကြုံရတဲ့ ကိုယ်ရေး အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးရေး အကျပ်အတည်းတွေ အကြောင်းကို စုံစုံလင်လင် ရှင်းပြထားပြီး ထိုင်းအစိုးရ၊ လွှတ်တော် ကော်မတီတွေ၊ အလုပ်ရှင်တွေ၊ ထိုင်းပြည်သူတွေက စာနာ ကူညီပေးကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ပြည်ရောက် ရွှေ့ပြောင်း လုပ်သားတွေဆီက ကြိုတင် ဝင်ငွေခွန် ကောက်ခံတာ၊ လစာ တစ်စိတ်တစ်ပိုင်းကို ပြည်တွင်းဆီ အတင်းအကျပ် ပြန်ပို့ခိုင်းတာတွေ ဖိအားပေး ခိုင်းစေနေသလို လိုအပ်တဲ့ စာရွက်စာတမ်းတွေ သက်တမ်းတိုးတဲ့အခါ အဲဒီလို ငွေပြန်လွှဲထားတဲ့ အထောက်အထားတွေကို တောင်းခံနေတယ်လို့ MMWRCCT က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းရောက် မြန်မာလုပ်သားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးတဲ့အခါတွေမှာ ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းကိုပါ ကြိုတင် ဝင်ငွေခွန် အနေနဲ့ ပေးဆောင်ဖို့ မြန်မာ အာဏာပိုင်တွေက သတ်မှတ် ညွှန်ကြားထားတယ်လို့ စာထဲမှာ ဖော်ပြထားပါတယ်။ ပြီးတော့ လစဉ် ဝင်ငွေရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်း သုံးလစာကိုလည်း ပြည်တွင်းကို ပြန်လည် လွှဲပြောင်းပေးကြောင်း အထောက်အထား ပြသဖို့ သတ်မှတ်ထားပါတယ်။

စစ်တပ်ဟာ အဲဒီ ငွေကြေးတွေကို လက်နက်နဲ့ စစ်သုံး ပစ္စည်းတွေ ဝယ်ယူဖို့၊ အရပ်သားတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ အသုံးပြုလာနိုင်ကြောင်းလည်း MMWRCCT က ထောက်ပြထားခဲ့ပါတယ်။

စာရွက်စာတမ်း လျှောက်ထားမှုတွေ၊ သက်တမ်းတိုးမှုတွေမှာ ကိုယ်ရေး အချက်အလက်တွေ၊ လိပ်စာတွေ၊ မိသားစုဝင်တွေရဲ့ အကြောင်းတွေကို အသေးစိတ် ဖော်ပြပေးရတာကြောင့် ရွှေ့ပြောင်း လုပ်သားတွေရဲ့ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို စစ်တပ် အာဏာပိုင်တွေက အချိန်မရွေး ပစ်မှတ်ထားလို့လည်း ရနေတယ်လို့ ဆိုပါတယ်။

ဒါတင် မကသေးဘဲ နောက်ဆက်တွဲအဖြစ် အတင်းအကျပ် စစ်မှုထမ်းဖို့ အဲဒီ အချက်အလက်တွေကို အသုံးချခံရမှာကိုလည်း ရွှေ့ပြောင်း လုပ်သားတွေက စိုးရိမ်နေပါတယ်။

ပြီးတော့ CI စင်တာလို နေရာတွေမှာ ပွဲစားခတွေ၊ တခြား လာဘ်ငွေ ပေးရတာတွေ ရှိနေတာ၊ လုပ်သားတွေက မြန်မာရော၊ ထိုင်းဖက်ကိုပါ စာရွက်စာတမ်း ကြေးတွေ နှစ်ထပ် ကွမ်း ပေးနေရသလို ဖြစ်နေတာတွေကြောင့် ကုန်ကျစရိတ် အရမ်း များနေပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ မလုပ်နိုင်တော့တဲ့ အခြေအနေထိ ဖြစ်လာနေတယ်လို့ MMWRCCT က ဆိုပါတယ်။

အကျိုးဆက် အနေနဲ့ ဗီဇာ သက်တမ်း မတိုးနိုင်လို့ ထိုင်းမှာ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ဆုံးရှုံးသွားတာမျိုးတွေပါ ဖြစ်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။

MMWRCCT က ပေးပို့တဲ့ စာထဲမှာတော့ ထိုင်းက ထုတ်ပေးတဲ့ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ယာယီ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ကို အသိအမှတ်ပြု ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။ ဒါဆိုရင် CI မရှိလို့ မြန်မာနိုင်ငံကို ပြန်ရတယ်ဆိုတဲ့ အခြေအနေမျိုးကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

ပြီးတော့ ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအတွက် လူမှုဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အကျိုးခံစားခွင့်တွေ၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ အကာအကွယ်တွေ အပြည့်အဝ ပေးအပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စာရွက်စာတမ်း လျှောက်ထားခြင်းနဲ့ သက်တမ်းတိုးခြင်းလို ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှု ရှိအောင် ထိန်းညှိပေးဖို့၊ မတရားသဖြင့် ငွေတောင်းခံသူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။

တကယ်လို့ လက်ရှိ အခြေအနေအတိုင်း ဆက်သွားနေပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေက ထိုင်းမှာ တရားဝင် နေထိုင်ခွင့် ဆုံးရှုံးလာမယ်ဆိုရင် ထိုင်းအတွက်လည်း လုပ်သား ရှားပါးမှု အကျပ်အတည်း ကြုံလာနိုင်ကြောင်း MMWRCCT က ထောက်ပြ အကြံပြုထားခဲ့ပါတယ်။

ထိုင်းအစိုးရ၊ လွှတ်တော်နဲ့ ပြည်သူတွေက မြန်မာလုပ်သားတွေ ကြုံနေတဲ့ လက်ရှိ အကျပ်အတည်းတွေကို လူသားချင်း စာနာမှု ရှုထောင့်ကနေ စာနာ နားလည်ပြီး သင့်လျော်မယ့် ဖြေလျှော့မှုတွေ၊ အပြောင်းအလဲတွေ အကောင်အထည် ပေါ်လာအောင် ပူးပေါင်း ဆောင်ရွက်ပေးဖို့လည်း MMWRCCT က မေတ္တာရပ်ခံထားပါတယ်။

ကိုးကား — Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး လူထုတည်ငြိမ်မှုကို အနှောင့်အယှက် ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံသား တစ်ဦးကို အစိုးရက နယ်နှင်ကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကို ထောက်လှမ်းရေး သတင်းတွေ ကြိုရခဲ့ပေမယ့် တုံ့ပြန်ကိုင်တွယ်မှုမှာ လျော့ရဲခဲ့ကြောင်း ထိုင်းအစိုးရက ဝန်ခံခဲ့ပါတယ်။

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။