■ဖလူး၊မင်းလက်ပံဒေသတိုက်ပွဲတွေမှာစက်တင်ဘာလအတွင်းစစ်တပ်က သေဆုံးဒဏ်ရာရသူ ၁၀၀ ကျော်
■တစ်နှစ်ကျော်အထိရှေ့မတိုးနိုင်တဲ့စစ်တပ်ခမရ(၂၀၅)ကစစ်သား၂၀၀ကိုစစ်ကူထပ်ပို့
နိုဝင်ဘာ-၁၊၂၀၂၆။နေ့သစ်/People’s Spring
မြန်မာ-ထိုင်းနယ်စပ်တိုက်ပွဲတွေမှာ စစ်တပ်က ထိုင်းနိုင်ငံကတဆင့် KNUကို ဖိအားပေးဖို့ ထိုင်းနိုင်ငံဘက်ကို ရည်ရွက်ချက်ရှိရှိနဲ့ လက်နက်ကြီးကျည်တွေပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

Public Service Announcement
လက်တလောမှာ မြဝတီမြို့တောင်ဘက်ခြမ်းက ဖလူး၊မင်းလက်ပံ၊ ရဲကုန်းနေရာတွေမှာ စစ်တပ်နဲ့ KNLA ၊ PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်တပ်က အထိနာနေတာကြောင့် ထိုင်းအစိုးရက KNUကို ဖိအားပေးအောင်ထိုင်းနိုင်ငံဘက်ကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးကျည်တွေ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
အောက်တိုဘာ ၃၁ ရက် ညကလည်း စစ်တပ်က ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်၊ မယ်စုံလပ်မြစ်ကမ်းနဲ့ မျက်နှာချင်ဆိုင်မှာရှိတဲ့ ကင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ သော်လဲထဂိတ်စခန်းကို ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ မယ်စုံလပ်ဒေသရှိ နေအိမ်တွေ၊ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးရုံးနဲ့ ဘုရားကျောင်း စတာတွေ ဗုံးစထိမှန်ခဲ့လို့ ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ဒါ့အပြင်တာ့ခ်ခရိုင်အတွင်းမြန်မာနယ်စပ်က နေရာတွေမှာလည်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ မကြာခဏ ကျရောက်နေတာကြောင့် ထိုင်းပြည်သူတချို့ ထိမှန်ဒဏ်ရာရတာတွေလည်း ရှိပါတယ်။
“စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ထည့်နေတာ။ ဖိအာပေးဖို့။ KNUကို အဲဒီကနေကနေ ဆုတ်ခွာအောင် ထိုင်းကို ဖိအားပေးတာ။ သူတို့က စစ်သားပီပီစစ်မတိုက်ဘဲ ထိုင်းဘက်ကို ကျည်မျိုးစုံကျအောင် လုပ်နေတာ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးပတ်ကလည်း လက်နက်ကြီးကျည် ၄ လုံးဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ၊ မဟာဝမ်ကျေးရွာအုပ်စုအတွင်း ကျရောက်ခဲ့ပါတယ်။ လက်နက်ကြီးကျည်နဲ့ လက်နက်ငယ်ကျည်တွေဟာမဲဆောက်မြို့နယ်၊ မဲ့ကုကင်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ထိုင်းပြည်သူတွေက ထိုင်းအစိုးရကို ပြည်သူတွေကိုအပြည့်အဝ အကာအကွယ်ပေးဖို့ အောက်တိုဘာ ၂၇ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒထုတ်ဖော်သူတွေက နယ်စပ်ဖြတ်ကျော်ကျရောက်လာတဲ့ ကျည်ဆန်တွေကြောင့် ဒေသခံပြည်သူတွေရဲ့အသက်အန္တရာယ်နဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေအပေါ် စိုးရိမ်တာကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ ပြည်သူတွေရဲ့လုံခြုံရေးအတွက် ထိရောက်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။
ကျည်တွေကျတာကြောင့်လက်ရှိမှာမဲ့ကုကင်းရွာကမြစ်ကမ်းအနီးနေထိုင်သူအချို့ဟာဘေးကင်းလုံခြုံတဲ့နေရာတွေဆီပြောင်းရွှေ့နေထိုင်ရသလို မြန်မာရွှေ့ပြောင်းကလေးငယ်တွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းအချို့ကိုလည်းယာယီပိတ်ထားရတယ်လို့ သိရပါတယ်။
ထိုင်းနိူင်ငံဘက်ကိုကျည်ပြီးကျပြီးတော့ ထိုင်းစစ်တပ်က မီးခိုးဗုံးအချို့ပစ်ဖောက်သတိပေးတာရှိသလို ၊ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်နယ်စပ်ကို တရားမဝင်ဂိတ်တွေကနေ ကုန်ပစ္စည်းတင်သွင်းတာတွေကိုလည်း ယာယီပိတ်ဆို့ဖြတ်တောက်ထားပါတယ်။ထိုင်းဘက်ကအဲလိုလုပ်တာဟာ တော်လှန်ရေးအဖွဲ့တွေကို အကြပ်တွေ့အောင်လုပ်တာလို့ နယ်စပ်မှ သတင်းရင်းမြစ်အချို့ကပြောပါတယ် ။
“ထိုင်းစစ်တပ်က ကျည်ကျရင်ပြန်ပစ်မယ်ဆိုပြီးသာ အော်နေတာ။လူကြားကောင်းအောင်သာလုပ်နေတာပြန်မပစ်ရဲဘူး။သူတို့က ဟိုးအရင်တည်းက မြန်မာစစ်တပ်အပေါ် စိတ်ပျက်အောင်မလုပ်ဘူး။ အလကား အော်နေတာ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖလူး၊မင်းလက်ပံ၊ ရဲကုန်းနေရာ တိုက်ပွဲတွေအတွင်းစစ်တပ်ကထိခိုက်သေဆုံးမှုတွေ များနေတယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ တစ်လတိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးနဲ့ ဒဏ်ရာရတာ ၁၀၀ ကျော်ရှိတယ်လို့ ကြားသိရကြောင်းလည်း ၎င်းက ပြောပါတယ်။
“နေ့တိုင်းသူတို့ထိနေတာ။ထိတာလည်း ပစ(ပြည်သူ့စစ်)တွေများတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် KNLA၊PDF ပူးပေါင်းတပ်တွေ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ပဲဖြစ်နေပါတယ်။
ဒါအပြင်စစ်တပ်ဟာ တကျော့ပြန်အဖြစ် မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးဒေသကို ပြီးခဲ့တဲ့ ဇူလိုင် ၁၀ရက်နေ့အပြီးသိမ်းပိုက်မယ်ဆိုပြီး အင်အားအများအပြားနဲ့ ချီတက်လာရာ တိုက်ပွဲစတင်ဖြစ်တဲ့နေ့မှာဘဲ သေဆုံးမှုများခဲ့ပါတယ်။
“စစ်ရဲ့သဘောကတော့ ဒီလောက်ကြာနေပြီ အဲဒီနေရာတွေမှာပဲ တိုက်ပွဲဖြစ်နေတာဆိုတော့ စစ်တပ်က တိုးမပေါက်ဘူး ပြောရမှာပေါ့။သူတို့ အထိနာနေတာလို့ ပြောရမှာပေါ့”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် စစ်တပ်ဟာ အောက်တိုဘာ ၃၁ရက်ကလည်းတပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၅)တပ်ရင်းက အင်အား ၂၀၀ ကို ဖလူး၊မင်းလက်ပံတိုက်ပွဲအတွင်း ထပ်မံဖြည့်ထားတယ်လို့လည်း လူထုနွေဦးက စုံစမ်းသိရပါတယ်။
စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာတိုက်ပွဲတွေကို စစ်ကူတိုက်ပေးဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကိုပါခေါ်ယူပြီး တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ပဲဖြစ်နေတာပါ။
စစ်တပ်က ဖလူး၊မင်းလက်ပံဒေသတွေကို ထိန်းချုပ်နိုင်ရင် ဝေါလေဗျူဟာကုန်းကို စစ်ကူပို့နိုင်မှာဖြစ်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ရေးအရအရေးပါတဲ့ ဝေါလေဗျူဟာကို KNLA ၊PDF ၊KNDO ပူးပေါင်းစစ်ကြောင်းတွေက ပိတ်ဆို့ဝန်းရံတိုက်ခိုက်နေတာကြောင့် စစ်တပ်က ဗျူဟာမကျအောင် လေကြောင်းကနေပဲ လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေပို့နေတာဖြစ်ပါတယ်။




















































