နိုဝင်ဘာ-၁၊၂၀၂၆။ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ကျွန်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်က အရာရှိ အပါအဝင် သေဆုံးထိခိုက်သူ ၁၀ ဦးရှိပြီးတော်လှန်ရေးရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃၁ရက် နံနက်အစောမှာ အင်အား ၄၀ ခန့်ရှိတဲ့ စစ်တပ်စခန်းကို RMAက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိ အပါအဝင် ၅ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့ကာ RMA ရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲချိန် ၁၀ မိနစ် ဝန်းကျင်ကြာခဲ့တယ်လို့လည်းအသိပေးထားပါတယ် ။
နှစ်ဘက်ထိခိုက်ကျဆုံးမှူ အခြေအနေကို လူထုနွေဦးကသီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement
“ဒီဂိတ်စခန်းဆိုရင်လွန်ခဲ့တဲ့လကပဲသူတို့ အသစ်တည်ဆောက်ထားတဲ့ စခန်းပေါ့နော်။ ဒါကြောင့် ကျနော်တို့ ရာမညမွန်တပ်တော် တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တာပေါ့” လို့ RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောပါတယ်။
RMA အနေနဲ့ အောက်တိုဘာလအတွင်းမှာ မွန်ပြည်နယ် ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်တွေက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်က စစ်ကောင်စီ စစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
“စစ်ကောင်စီရဲ့ ဖိနှိပ်မှုနဲ့ ဒေသတွင်း စစ်ရေးစိုးမိုးဖို့ သူတို့ ကြိုးပမ်းလာနေမှုတွေကို ဟန့်တားနိုင်ဖို့အတွက် ကျနော်တို့ RMA ရာမညမွန်တပ်တော်အနေနဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ဆောင်ရွက်နေတာရှိတယ်” လို့ နိုင်ကောင်းစကားက RMA ရဲ့ စစ်ရေးဆောင်ရွက်ရမှု အခြေအနေကို ပြောပြပါတယ်။
အလားတူအောက်တိုဘာ ၂၄ရက်ကရေးမြို့နယ်မြို့ဟောင်းရွာရှိ စစ်တပ် ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး အပါအဝင် ၃ဦးသေဆုံးပြီးဒဏ်ရာရသူတွေရှိတယ်လို့ RMAက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ဒုတိယပတ် ကြာအင်းဆိပ်ကြီးပုလိန်ရွာ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်နဲ့ သုံးရက်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။စစ်တပ်စစ်ကြောင်းကိုပုလိန်ရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၃၀ဦးခန့်သေဆုံးထိခိုက်နိုင်ကြောင်း RMAက ခန့်မှန်းထားပါတယ်။ အဲဒီတိုက်ပွဲမှာ လက်နက်ခဲယမ်းအချို့လည်း သိမ်းရခဲ့ပါတယ်။ ကြာအင်းဆိပ်ကြီး တိုက်ပွဲကို RMAနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်း စစ်ရေးဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။




















































