အစ္စရေးအတွက် တစ်နှစ်ကို ဒေါ်လာ ၃.၈ ဘီလီယံ ထောက်ပံ့နေမှုကို ရပ်တန့်တော့မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ထရမ့်က သူ့အစိုးရရဲ့ အရင်းနှီးဆုံး စစ်ရေး မဟာမိတ်ဆီ နှစ်စဉ် ငွေကြေး ထောက်ပံ့နေမှုကို ရပ်နားတော့မယ့် အကြောင်းကို အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ အတည်ပြု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးကို နှစ်တိုင်း ဒေါ်လာ ၄ ဘီလီယံနီးပါး အမေရိကန်က ပံ့ပိုးပေးနေခဲ့ကြောင်း၊ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ရယူထားတဲ့ သဘောတူညီချက်အရ အဲဒီ ထောက်ပံ့မှုကို ရပ်တန့်တော့မှာဖြစ်ကြောင်း Fox သတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။
သူနဲ့ ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးပြီး အီရန်ကို စစ်တိုက်ရာမှာ ပူးပေါင်း ပါဝင်ခဲ့သူ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဘာပြဿနာမှ မရှိဘူးလို့ လက်ခံထားကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
အစ္စရေးနဲ့ အမေရိကန်တို့ကြားက သဘောတူညီမှုအရ အစ္စရေးဟာ အမေရိကန်ဆီက နှစ်စဉ် ဒေါ်လာ ၃.၈ ဘီလီယံဖိုးဝန်းကျင် စစ်လက်နက်တွေ ဝယ်ယူဖို့အတွက် ငွေကြေး ထောက်ပံ့မှု ရရှိထားတာ ဖြစ်ပါတယ်။
တကယ်လို့ အစ္စရေးကသာ ဒီငွေကြေးကို ဆက်ပြီး လိုအပ်နေရင် အမေရိကန်က ကူညီမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အစ္စရေးက အရမ်းကြွယ်ဝတိုးတက်တဲ့ နိုင်ငံမျိုး ဖြစ်လာပြီး ဒီအကူအညီအမျိုး ဆက်မလိုတော့ကြောင်း ထရမ့်က ပြောပါတယ်။
၁၉၄၈ ခုနှစ်မှာ စတင်ထူထောင်ခဲ့ချိန်ကစပြီး ငွေကြေးဖောင်းပွမှု အခြေအနေတွေကိုပါ ထည့်သွင်း တွက်ချက်မယ်ဆိုရင် အစ္စရေးဟာ အမေရိကန်ဆီက ဒေါ်လာ ၃၀၀ ဘီလီယံကျော်ဖိုး ဘဏ္ဍာရေး အထောက်အပံ့တွေ ရရှိခဲ့ပြီးပါပြီ။ ဒါဟာ တူညီတဲ့ ကာလအတွင်း ဘယ်နိုင်ငံထက်မဆို အမေရိကန်ဆီက ပိုမိုများပြားတဲ့ အကူအညီမျိုး ရခဲ့တာလည်း ဖြစ်ပါတယ်။
နေတန်ညာဟုက သူဟာ အစ္စရေး အနေနဲ့ အမေရိကန်အပေါ် မှီခိုနေရတာတွေကို လျှော့ချသွားဖို့ ဆန္ဒရှိကြောင်း အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ မေလတုန်းကတော့ CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ နေတန်ညာဟုက သူဟာ အမေရိကန်ဆီက အထောက်အပံ့ ရယူမှုကို သုညမှတ်ထိ လျှော့ချစေဖို့ လိုလားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
အစ္စရေးအတွက် နှစ်စဉ် ထောက်ပံ့တဲ့ ငွေကြေးကို ရပ်တန့်မယ့် ထရမ့်ရဲ့ ကြေညာချက်ကို အစ္စရေး အတိုက်အခံ ခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့ကတော့ ဝေဖန်ခဲ့ပါတယ်။ သူက နေတန်ညာဟုဟာ ဝန်ကြီးချုပ် နေရာကို ကျိန်းသေ စွန့်လွှတ်ဖို့ လိုနေပြီး ဘယ်သူကမှ မယုံကြည်တော့တဲ့ အချိန်မှာ ထရမ့်က အစ္စရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက် တစ်ခုကို နေတန်ညာဟုနဲ့ ညှိနှိုင်းပြီး ချမှတ်ခဲ့တာကြောင့်ပါ။ အောက်တိုဘာ လကုန်ပိုင်းက ကျင်းပခဲ့တဲ့ အစ္စရေး ရွေးကောက်ပွဲမှာ နေတန်ညာဟုရော၊ အတိုက်အခံတွေပါ ပြတ်သားတဲ့ အသာစီး ရမှုမျိုး မရှိတာကြောင့် နှစ်ဖက်စလုံး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ ခက်ခဲနေပါတယ်။
အမေရိကန် အနေနဲ့ အစ္စရေးအတွက် နှစ်စဉ် ငွေကြေးထောက်ပံ့မှုတွေကို ဘယ်အချိန်မှာ စတင်ရပ်တန့်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ကိုးကား: AFP




















































