အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ တက္ကဆက်စ် ပြည်နယ် အထက်လွှတ်တော် ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ် ပါတီဝင် လူငယ် အမတ်လောင်း ဂျိမ်းစ် တယ်လာရစ်ကိုက အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ တက္ကဆက်စ်ပြည်နယ် အထက်လွှတ်တော် အမတ်နေရာ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု အမတ်လောင်း တစ်ဦးက ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် အနိုင်ရမှု ဖြစ်လာပါတယ်။
၁၉၈၈ တုန်းက လွိုက်ဒ်ဘက်စတန် အနိုင်ရခဲ့တဲ့နောက်ပိုင်း တက္ကဆက်စ် ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်နေရာအတွက် ဘယ်ဒီမိုကရက်တစ် ပါတီဝင်မှ ထပ်မံ အနိုင်မရတော့ပါဘူး။ ဒီမိုကရက်တစ် ပါတီဝင် ဘော့ဘ်ကရူဂါဟာ ၁၉၉၃ ခုနှစ်တုန်း အထက်လွှတ်တော် အမတ်နေရာမှာ ယာယီ တာဝန်ယူခဲ့ဖူးပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။
တစ်နည်းအားဖြင့် တက္ကဆက်စ်ပြည်နယ်ဟာ အထက်လွှတ်တော် အမတ်နေရာနဲ့ ပတ်သက်ရင် ရီပတ်ဘလစ်ကန် ပါတီအတွက် စိုးရိမ်စရာ မရှိသလောက် အမာခံ နယ်မြေ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဒီမိုကရက်တစ် ပါတီရဲ့ အရှုံးရှည်ကြာမှု မှတ်တမ်းကို အသက် ၃၇ နှစ်သာ ရှိသေးတဲ့ တယ်လာရစ်ကိုက ဖျက်ဆီးပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်နယ်တစ်ခုလုံးစာ အတိုင်းအတာနဲ့ ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲ တစ်ခုခုအတွက် တက္ကဆက်စ်မှာ ဒီမိုကရက်တစ် ပါတီဝင်တစ်ဦး ပြန်လည် အနိုင်ရလာတာကလည်း ၁၉၉၄ နောက်ပိုင်း ပထမဆုံး ဖြစ်လာပါတယ်။ အခုရလဒ်ကြောင့် တယ်လာရစ်ကိုဟာ တက္ကဆက်စ် ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်အဖြစ် ၆ နှစ် ရာထူးကို တာဝန်ယူ ထမ်းဆောင်သွားမှာပါ။

Public Service Announcement
သူနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရီပတ်ဘလစ်ကန် အမတ်လောင်း ကန်ပက်စ်တန်ဟာ ၂၀၁၅ ခုနှစ်ကတည်းက ပြည်နယ် ရှေ့နေချုပ် တာဝန်ယူခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲအတွက် အများကြီး ကြိုးစား ပြင်ဆင်ထားခဲ့ပါတယ်။ သူဟာ ပါတီကိုယ်စားပြု အမတ်လောင်း နေရာအတွက် ယှဉ်ပြိုင်ရာမှာ မေလတုန်းက လက်ရှိ အထက်လွှတ်တော် အမတ်ဖြစ်သူ ဂျွန်ကော်နင်ကို အနိုင်ရပြီး ရွေးကောက်ပွဲ ဝင်ခွင့်ရခဲ့ပေမယ့် တယ်လာရစ်ကိုဆီမှာ အရေးနိမ့်ခဲ့တာပါ။
တယ်လာရစ်ကို အပါအဝင် ဒီမိုကရက်တစ်ပါတီ အမတ်လောင်း ၆ ဦးဟာ အရင်က ရီပတ်ဘလစ်ကန် ပါတီ ထိန်းချုပ်ထားတဲ့ ပြည်နယ်တွေမှာ အသီးသီး အနိုင်ရခဲ့တဲ့နောက် အခုအခါ အထက်လွှတ်တော်မှာ ဒီမိုကရက်တစ် ပါတီက အင်အား အသာစီး ပြန်ရသွားပြီလို့လည်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကိုးကား: CBS




















































