ကမ္ဘာပေါ်မှာ ပထမဆုံး နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးဖြစ်တဲ့ USS Enterpriseဟာ နောက်ဆုံး အပြီးသတ် ခရီးစဉ်ကို ခုတ်မောင်း ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
အနားပေးထားပြီးဖြစ်တဲ့ ဧရာမ စစ်ရေယာဉ်ကြီးကို တစ်စစီ ဖြုတ်ယူဖို့အတွက် အလာဘားမား ပြည်နယ်ထဲက မိုဘီးလ်မြို့ဆီ ထွက်ခွာသွားပြီလို့ အခုသီတင်းပတ်မှာ အမေရိကန် ရေတပ်က အတည်ပြုခဲ့ပါတယ်။
၁၉၆၁ ခုနှစ်တုန်းက Enterpriseကို အမေရိကန် ရေတပ်က စတင် အသုံးပြုခဲ့ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီနောက် ၅၅ နှစ်ကြာ တာဝန် ထမ်းဆောင်စေခဲ့ပြီး ပိုမိုကြီးမားတဲ့၊ ပိုမိုခေတ်မီတဲ့ Nimitzနဲ့ Ford အဆင့်အတန်း လေယာဉ်တင် သင်္ဘောတွေကို ရေတပ်က အစားထိုးနေပါတယ်။
အဲဒီတုန်းက Enterpriseကို နျူကလီးယား စွမ်းအင်နဲ့ ခုတ်မောင်းတဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောအဖြစ် မိတ်ဆက်ခဲ့ရာမှာ ရေတပ်ရဲ့ နည်းပညာ တော်လှန်ရေးတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အမေရိကန် ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ဟာ လက်ရှိ အချိန်ထိ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောတွေ အသုံးပြုနိုင်စွမ်း မရှိသေးပါဘူး။

Public Service Announcement
မူလက Enterpriseနဲ့ အမျိုးအစားတူ လေယာဉ်တင်သင်္ဘော စုစုပေါင်း ၆ စီးထိ တည်ဆောက်ဖို့ လျာထားခဲ့ပေမယ့် အဲဒီ ၁ စီးတည်းပဲ တည်ဆောက်ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း သမားရိုးကျ လောင်စာသုံး လေယာဉ်တင် သင်္ဘော ၃ စီးကို ထပ်မံ တည်ဆောက်ခဲ့ပါတယ်။
နောက်ထပ် ၁၄ နှစ် ကြာပြီးမှသာ အမေရိကန် ရေတပ်ရဲ့ လက်ရှိ အသုံးအများဆုံး နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘော အမျိုးအစားဖြစ်တဲ့ USS Nimtizကို မိတ်ဆက်ခဲ့ပါတယ်။ Nimtizရဲ့ ဒီဇိုင်းကတော့ ပိုမိုအောင်မြင်ခဲ့ပြီး အမျိုးအစားတူ ၁၀ စီး တည်ဆောက်ခဲ့ပါတယ်။
Nimitzထက် ပိုကြီးတဲ့ USS Gerald R. Ford လေယာဉ်တင် သင်္ဘော အသစ်ကိုတော့ ၂၀၁၇ ခုနှစ်မှာ ရေတပ်အတွက် တပ်တော် ဝင်စေခဲ့ပါတယ်။ ဒါကြောင့် Enterpriseဟာ အမေရိကန်ရဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောတွေ အသုံးချမှု သမိုင်းမှာ ပထမဆုံး ခြေလှမ်းသစ် ဖြစ်ခဲ့ပါတယ်။
တန်ချိန် ၉ သောင်းခွဲလောက် အလေးချိန်ရှိတဲ့ လေယာဉ်တင် သင်္ဘောကြီးဟာ လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၆၀ ကျော်လောက် တင်ဆောင်နိုင်ပြီး စစ်အေးကာလ၊ ဗီယက်နမ်စစ်ပွဲ၊ 9/11 အကြမ်းဖက်မှု နောက်ပိုင်း အရှေ့အလယ်ပိုင်းက စစ်ဆင်ရေးတွေမှာ အထူးအရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်ခဲ့ပါတယ်။
၂၀၁၂ နောက်ပိုင်းမှာတော့ Enterpriseရဲ့ စစ်ဆင်ရေး တာဝန်တွေကို ရပ်ဆိုင်းထားလိုက်ပြီး ၂၀၁၇ မှာ တရားဝင် အနားပေးလိုက်ကြောင်း ရေတပ်က ကြေညာပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့မှာတော့ ဂန္ထဝင် စစ်သင်္ဘောကြီးဟာ ဗာဂျီးနီးယားပြည်နယ်၊ နယူးပို့တ်ကနေ အလာဘားမားဆီ နောက်ဆုံး ခရီးကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။
သင်္ဘောကြီးကို တစ်စစီ ဖြုတ်ဖို့၊ ရေဒီယို သတ္တိကြွ ပစ္စည်းတွေကို ထိန်းသိမ်းကွပ်ကဲပြီး စနစ်တကျ ဖယ်ရှားဖို့အတွက် NortStar Maritime Dismantlement Services ကုမ္ပဏီကို ရေတပ်က ဒေါ်လာ ၅၃၆ သန်းတန် စာချုပ်တစ်ခု ပေးအပ်ထားပါတယ်။
ဒါဟာ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောတစ်စီးကို ပထမဆုံးအကြိမ် ဖြိုဖျက်ရမယ့် ကိစ္စဖြစ်တာကြောင့်လည်း ကျွမ်းကျင်သူတွေက နှစ်ပေါင်းအတော်ကြာ ကြိုတင် အချိန်ယူ လေ့လာ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။ ဒါပေမဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေနဲ့ ခရူဇာ စစ်သင်္ဘောတွေကို ဖျက်သိမ်းဖူးတဲ့ အတွေ့အကြုံမျိုးတွေတော့ အမေရိကန်မှာ ကြွယ်ကြွယ်ဝဝ ပိုင်ဆိုင်ထားပါတယ်။
Enterprise နောက်ပိုင်း အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး လေယာဉ်တင် သင်္ဘောဖြစ်တဲ့ Nimitzရဲ့ တာဝန်ထမ်းဆောင်မှု သတ်မှတ် ကာလကတော့ ၂၀၂၇ မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
ကိုးကား: Maritime Executive




















































